PSM(News)

မတ် ၆၊ ၂၀၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် လေး ဦး သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ယနေ့ မတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေပြုနေရာယူထားသော စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၄ ရက် ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် လေးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လက်နက် နှစ်လက်ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) နှင့် မြိတ်ခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် သုံးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ်အတွင်း ယမန်နေ့ မတ်လ ၅ ရက်နေ့က စစ်ကော်မရှင်ဘက်မှ ဒရုန်းများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ ကြောင်း သိရသည်။

ဓာတ်ပုံ-မြိတ်ခရိုင်အမှတ်(၂)တပ်ရင်း

#PSM_News

#စစ်ကော်မရှင်တပ်စခန်း

#တနင်္သာရီ

#မြိတ်ခရိုင်တပ်ရင်း

By Htet Ko