မောင်မောင်ကဲ/PSM(News)

မတ် ၅၊ ၂၀၂၆

စစ်ကော်မရှင်က ပြည်တွင်းရှိ မိုဘိုင်းဖုန်းများ၏ မူရင်းအမှတ်အသား (IMEI Code) များကို ဒေတာဘေ့စ်တစ်ခုအတွင်း စုစည်းကာ အသုံးပြုသူများ၏ တည်နေရာနှင့် သတင်းအချက် အလက်များကိုပါ ဒစ်ဂျစ်တယ်စောင့်ကြည့်မှု ပြုလုပ်နိုင်သည့် CEIR စနစ်ကို လာမည့် မတ်လ ပထမပတ်မှစတင်၍ အသုံးပြုတော့မည်ဖြစ်သည်။

အခွန်ကောက်ခံရန်နှင့် တရားမဝင်ဖုန်းများကို ထိန်းချုပ်ရန်အတွက် CEIR စနစ်ကို အသုံးပြုခြင်း ဖြစ်သည်ဟု စစ်ကော်မရှင်က အကြောင်းပြထားသော်လည်း CEIR စနစ်သည် ဖုန်းတိုင်း၏ IMEI နံပါတ်ကို အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များနှင့် ချိတ်ဆက်ကာ ၂၄ နာရီပတ်လုံး ခြေရာခံနိုင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သတိပေးထားသည်။

“CEIR စနစ်ဟာ ဖုန်းတိုင်းမှာ ဒစ်ဂျစ်တယ်ခြေကျင်းဝတ် စွပ်လိုက်တာပါပဲ။ IMEI နံပါတ်ကို သိတာနဲ့ ဆင်းကတ်ရှိရှိ၊ မရှိရှိ ကိုယ်ဘယ်မှာလဲဆိုတာကို တာဝါတိုင်ကနေတစ်ဆင့် အချိန်နဲ့တပြေးညီ ခြေရာခံ သွားနိုင်သလို၊ သူတို့အလိုမရှိတဲ့သူရဲ့ဖုန်းကိုလည်း ဘယ်ကွန်ရက်နဲ့မှ ချိတ်လို့မရအောင် အပြီးတိုင် ပိတ်ပစ်နိုင်တဲ့ အာဏာကို စစ်ကော်မရှင်က ရသွားမှာပါ”ဟု နည်းပညာလုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးက PSM ကိုပြောသည်။

CEIR စနစ်အရ စစ်ကော်မရှင်သည် ၎င်းတို့အလိုရှိသူများ၏ ခြေရာကို ခံနိုင်သလို အလိုမရှိသော ဖုန်းများကိုလည်း ဆက်သွယ်ရေးကွန်ရက်ပေါ်မှ အပြီးတိုင် ပိတ်ပင်ဖြတ်တောက်နိုင်သည့် အာဏာကို ရရှိသွားမည်ဖြစ်သည်။

စစ်ကော်မရှင်သည် ပြည်သူများ လက်ရှိအသုံးပြုနေသော ဖုန်းများကို အခွန်ထပ်မံပေးဆောင်ရန်မလိုဘဲ “ခွင့်ပြုစာရင်း” တွင် အလိုအလျောက်ပါဝင်သွားစေရန် လာမည့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး SIM Card တစ်ခုခု (MPT, ATOM, U9, Mytel) ထည့်သွင်းကာ ဖုန်းဖွင့်ထားရန် လိုအပ်အမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုသို့ သတ်မှတ်ရက်အတွင်း SIM Card ထည့်သွင်းထားခြင်းမရှိသော ဖုန်းများကို ဧပြီလ ၁ ရက်မှစ၍ အသုံးပြုပါက ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကျသင့် အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကာ ပေးဆောင်ခြင်းမရှိပါက ဆက်သွယ်ရေးလိုင်းများ အားလုံး အပြီးတိုင် အပိတ်ခံရမည်ဖြစ်သည်ဟု ခြိမ်းခြောက်ထားသည်။

စစ်ကော်မရှင်၏ စောင့်ကြည့်မှုများကြားတွင် ကိုယ်ရေးလုံခြုံမှုအတွက် ဖုန်းနှင့် အင်တာနက်ကို ခွဲသုံးရန်၊ မလိုအပ်ဘဲ GPS ဖွင့်မထားရန်၊ အရေးကြီးသည့်နေရာများသို့ သွားရောက်ပါက ဖုန်းကို Power ပိတ်ထားခြင်း သို့မဟုတ် Airplane Mode ပြုလုပ်ထားရန်၊ ဖုန်းလိုင်းမှ တိုက်ရိုက်ခေါ်ဆိုခြင်းထက် Signal ကဲ့သို့ App များကို VPN အမြဲခံ၍ အသုံးပြုရန် နှင့် WiFi လိုင်းများသည် ခြေရာခံရန်လွယ်ကူသောကြောင့် Public WiFi သုံးခြင်းအား ရှောင်ကျဉ်ရန် နည်းပညာလုံခြုံရေး ကျွမ်းကျင်သူက သတိပေးထားသည်။

#စစ်ကော်မရှင်

#IMEI

#ခြေရာခံ

#CEIR

#မတ်လ

#PSM_News

By Htet Ko