PSM(News)

ဖေဖော်ဝါရီ ၆၊ ၂၀၂၆

စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ခြင်းသည် စစ်အုပ်စုကို မျက်နှာချိုသွေးကာ “ဘွဲ့ကတ်ပြား ရောင်းစားခြင်း” သာဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် အခြေစိုက် အင်အားစုများက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ဆရာ၊ ဆရာမများအသင်းနှင့် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဖေဖော်ဝါရီ ၅ ရက်နေ့စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“စာသင်ကျောင်းများကို ဗုံးကြဲကာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေသော စစ်ရာဇဝတ်တရားခံ၏ ကိုယ်တွင် ကျောင်းသူကျောင်းသားတို့၏ သွေးများ စွန်းပေလျက်ရှိသည်။ ဤညစ်ထေးသောကိုယ်ဖြင့် ဆင်မြန်းသော ဘွဲ့ဝတ်ရုံနှင့် သွေးစွန်းသောလက်ဖြင့် ကိုင်တွယ်သော ဘွဲ့လက်မှတ်သည် ဂုဏ်သိက္ခာ ကင်းမဲ့လှသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းတို့သည် ၎င်းတို့၏ ရာထူးတည်မြဲရေးအတွက် “ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံ ဆင်မြန်း ပေးခြင်း” ဖြစ်ပြီး ၎င်းလုပ်ရပ်သည် စစ်ကျွန်ပညာရေး၏ သရုပ်သကန်ကို ထင်ရှားစွာ ဖော်ပြလိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ရပ်များ ထပ်မံရှိနေဦး မည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးစနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ ဒီမိုကရေစီ ပညာရေးကို တည်ဆောက်နိုင်မည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်း အင်အားစုများက လေးနက်စွာ တိုက်တွန်းထားသည်။

ပုံစာ–ရန်ကုန် တက္ကသိုလ်မှပေးသော “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ရယူနေသည့် စစ်ခေါင်းဆောင်၊

#ရန်ကုန်တက္ကသိုလ်

#ဗကသ

#စစ်ကျွန်ပညာရေး

#မင်းအောင်လှိုင်

#ပါရဂူဘွဲ့

#PSM_News

By Htet Ko