PSM(News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်၏ စစ်ကြောင်းများ စစ်ရေးလှုပ်ရှားလာမှုကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးအပါအဝင် လမ်းသွယ်များအားလုံးကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ အသုံးမပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အရေးပေါ် အသိပေးထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင်တပ်သည် ဖရူဆို – ထားလဲ လမ်းမကြီးပေါ်နှင့် နန်းဖဲကျေးရွာဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာနေသောကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ အရေးပေါ် ပိတ်သိမ်းလိုက်သည့် လမ်းပိုင်းများမှာ ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးတစ်လျှောက်နှင့် အဆိုပါ လမ်းမကြီးပေါ်သို့ ဖြတ်သန်းဝင်ရောက်သည့် လမ်းသွယ်များ အားလုံးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲများက ပြည်သူများကို အသိပေးထားသည်။ “စစ်ကော်မရှင်ရဲ့ စစ်ကြောင်းတွေက အများပြည်သူ သွားလာနေတဲ့ လမ်းကြောင်းတွေနဲ့ နီးစပ်နေတဲ့ အတွက် လုံခြုံရေးအရ အထူးသတိထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး လုံးဝအသုံးပြုသွားလာခြင်း မပြုကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဆိုသည်။ လက်ရှိတွင် မြေပြင်စစ်ရေးအခြေအနေမှာ အရေးပေါ်အခြေအနေဖြစ်သဖြင့် ခရီးသွားပြည်သူများ အနေဖြင့် ဘေးကင်းလုံခြုံရေးကို အလေးထားကာ အဆိုပါလမ်းပိုင်းများသို့ သွားလာခြင်းမပြုရန်နှင့် ထုတ်ပြန်ချက်ကို အလေးထားလိုက်နာကြရန်လိုကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။ ဓာတ်ပုံ-KNDF ပုံစာ-KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း) #ကရင်နီပြည်#KNDF#စစ်ရေးသတိပေးချက်#ဖရူဆို#ဘောလခဲ#ဒီးမော့ဆို#PSM_News See less Post navigation စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းသည် ကျောင်းသူကျောင်းသားတို့၏ သွေးများ စွန်းပေနေသောလက်ကို ဂုဏ်ပြုခြင်းဖြစ်ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများ ရှုတ်ချ ဇေယျဝတီသကြားစက်အနီးရှိ စစ်ကော်မရှင်တပ်ဂိတ်ကို ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တပ်ကြပ်ကြီးသေဆုံး