မောင်မောင်ကဲ/PSM (News)

ဖေဖော်ဝါရီ ၆၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအာဏာသိမ်းထားသည့် ကာလတွင် နိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်ဟု ဆိုကာ ရန်ကုန် တက္ကသိုလ်မှပေးသော “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရယူခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က စစ်ခေါင်းဆောင်၏ “စွမ်းဆောင်ရည်” များကို ဖတ်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်သည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်အဖြစ်မှ ၂၀၂၄ ၊ ဩဂုတ် ၁၃ တွင် ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာတွင် ညွှန်ကြားရေးမှူး ချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၂၅ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံဖွဲ့စည်းပေးသည့် ဦးညိုစောဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

” တကယ်တော့ မင်းအောင်လှိုင်ဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်အာဏာရှင်ပါ။ သူ့ကို အခုလို စီမံခန့်ခွဲမှုပါရဂူဘွဲ့ပေးလိုက်တာဟာ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်း အောင်လုပ်တာ၊ စော်ကားလိုက်တာပါပဲ” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ CDM ပြုလုပ်ခဲ့သူ ကထိက ကျောင်းဆရာ တစ်ဦးက PSM ကို ပြောသည်။

စစ်ခေါင်းဆောင်က ၎င်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးဖြစ်ကြောင်းနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍကို အရှိန်မြှင့်တင်ပေးခဲ့သည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်က ထိုသို့ပြောကြားခဲ့သော်လည်း စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း မြေပြင်ရှိ ပညာရေး ကဏ္ဍမှာ အဆိုးရွားဆုံး ဆုတ်ယုတ်နေပြီး ကျောင်းသားလူငယ် အများအပြားမှာ စာသင်ခန်းထဲတွင် မရှိဘဲ စစ်ဘေးရှောင်နေရခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရခြင်း၊ အဆိုပါ ဥပဒေကြောင့် ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးနေရခြင်းများ ဖြစ်ပေါ်နေသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များစွာရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများသည်လည်း CDM ပြုလုပ်နေကြ၍ ပညာရေးယန္တရားမှာ ဆုတ်ယုတ်မှုကိုသာ ညွှန်ပြနေပြီး စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှုကြောင့် လူလတ်တန်းစားများ ပျောက်ကွယ်ကာ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှု မျဉ်းအောက်သို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူများတွင် ရန်ကုန်တက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသားများလည်း ပါဝင်ခဲ့ပြီး မတ်လ ၃ ရက် နေ့က တာမွေမြို့နယ်တွင်ဆန္ဒပြနေစဉ် အကြမ်းဖက်အင်အားသုံးဖြိုခွင်းခံရပြီး ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားရာနှင့်ချီ၍ ဖမ်းဆီးခြင်းခံခဲ့ရသည်။

သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်သည် ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၀၀ အတွင်း ကမ္ဘာ့ခေါင်းဆောင်များနှင့် ရဟန်းသံဃာတော် ၇၂ ပါးကိုသာ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ယခင်က ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်း ကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များကို ဘွဲ့အပ်နှင်းမှုများရှိခဲ့သော်လည်း ယခုအခါ ပြည်သူလူထု၏ ဆန့်ကျင်မှုကို ခံနေရသည့် စစ်ခေါင်းဆောင်ကို ဘွဲ့ပေးအပ်ခြင်းမှာ ပညာရေးဝန်ကြီးဌာနကို အသုံးချ၍ ၎င်း၏ ပုံရိပ်ကောင်းယူရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

ရန်ကုန်တက္ကသိုလ်သည် ၁၉၄၀ နှင့် ၅၀ ခုနှစ်များ အတွင်းတွင် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္က သိုလ် ဖြစ်ခဲ့ပြီး အာရှဆင့်တွင်လည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြား အာရှနိုင်ငံများမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့သည်။

ဓာတ်ပုံ-စစ်ကော်မရှင်

ပုံစာ-ရန်ကုန် တက္ကသိုလ်မှပေးသော “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ရယူနေသည့် စစ်ခေါင်းဆောင်၊ ပညာရေးဝန်ကြီးဒေါက်တာချောချောစိန်

#စစ်ခေါင်းဆောင်

#မင်းအောင်လှိုင်

#ရန်ကုန်တက္ကသိုလ်

#ပါရဂူဘွဲ့

#PSM_News

By Htet Ko