PSM(NEWS) ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည့် လက္ခဏာတစ်ရပ်အနေဖြင့် နှစ်နိုင်ငံအကြား လေးနှစ်ကျော်ကြာ ရပ်တန့်နေသည့် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ မြို့တော်တွင် ပြုလုပ်သည့် အမေရိကန်နှင့် ရုရှား အဆင့်မြင့်စစ်ဘက်အရာရှိများ၏ တွေ့ဆုံမှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဥရောပအခြေစိုက် အမေရိကန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ ယခုပြန်လည်ထူထောင်လိုက်သည့် ဆက်သွယ်ရေးလမ်းကြောင်းသည် “နှစ်ဖက်စလုံးမှ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း ခိုင်မာသည့် စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်” ဟု အမေရိကန်ဥရောပစစ်ဌာနချုပ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်ခြင်းမပြုမီ မော်စကိုနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေး တင်းမာလာမှုကြောင့် ၂၀၂၁ ခုနှစ်တွင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တပ်ဖွဲ့များ၏ ဥရောပဆိုင်ရာ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး အဲလက်စပ် ဂရင်းကီဝစ်ချ် သည် အဘူဒါဘီမြို့သို့ ရောက်ရှိနေပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်၊ ရုရှားနှင့် ယူကရိန်းအရာရှိများအကြား ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တစ်ဖက်တွင်လည်း ရုရှားသည် ယူကရိန်းပြည်သူများ လျှပ်စစ်မီးပြတ်တောက်စေရန်နှင့် စစ်ပွဲအပေါ် လူထုထောက်ခံမှု လျော့ကျစေရန် ရည်ရွယ်၍ ယူကရိန်း၏ လျှပ်စစ်ဓာတ်အားကွန်ရက်များကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လျက်ရှိသည်။ ထို့အတူ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တစ်လျှောက် ကီလိုမီတာ ၁,၀၀၀ခန့် ရှည်လျားသည့် ရှေ့တန်းစစ်မျက်နှာပြင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ကိုးကား AP #ယူကရိန်း #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #အမေရိကန်_ရုရှား #အဆင့်မြင့်စစ်ဘက်ဆိုင်ရာ_ဆွေးနွေးမှု #မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ #စတင်ရန်_သဘောတူ #PSM_News Post navigation တရုတ်စစ်ဘက်အဆင့်မြင့်အရာရှိကြီးအားစုံစမ်းစစ်ဆေးပြီးနောက် ကာကွယ်ရေးကဏ္ဍမှ အမတ် ၃ ဦးကို ရာထူးမှဖယ်ရှား SpaceX တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်နေမှုရှိမရှိ စုံစမ်းစစ်ဆေးရန် ပင်တဂွန်စစ်ဌာနချုပ်ကိုအထက်လွှတ်တော်အမတ်များ တောင်းဆို