PSM (News) ဩဂုတ် ၅၊ ၂၀၂၆ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တွင် အထိနာနေ၍ လေကြောင်းနှင့် ရေကြောင်းသုံးကာ အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာလု စစ်အုပ်စုသည် ဧရာဝတီတိုင်း နနယ်စပ်ဘက်သို့ စစ်မျက်နှာများ ချဲ့ထွင်ထိုးစစ်ဆင်လာ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း သိရသည်။ စစ်တပ်နှင့် AA တို့သည် ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ရေကြည်နှင့် သာပေါင်းမြို့ နယ်များ၌ တိုက်ပွဲ ၃ ကြိမ်ထက်မနည်း အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း AA က ယနေ့ ဩဂုတ် ၅ ရက်တွင် ထုတ်ပြန် သည်။ အာဏာလု စစ်အုပ်စုသည် ရခိုင်-ဧရာဝတီ အစပ်နယ်မြေများအပြင် မကွေး၊ ပဲခူးနှင့် ချင်းပြည်နယ် (တောင်ပိုင်း) တို့ပါဝင်သည့် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်ရာ ဒေသများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။ အာဏာလု စစ်တပ်သည် မြေပြင်စစ်မျက်နှာများအပြင် ရခိုင်ပြည်နယ်အတွင်း အရပ်သားများထိုင် နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခု ဩဂုတ်လ ၃ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ လူနေရပ်ကွက်အတွင်းသို့ ဂျက်ဖိုက်တာ သုံး စင်း၊ Y-12 လေယာဉ် တစ်စင်းတို့ဖြင့် အုပ်စုလိုက် လာရောက်ကာ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်၊ ဂွမြို့သို့ ဝင်ရောက်နိုင်ရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ရှိရာ ပုသိမ်မှ အင်အားဖြည့်တင်းလာသည့် အာဏာလု စစ်အုပ်စု တပ်ဖွဲ့ဝင်များ နှင့် AA တို့သည့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ အာဏာလုစစ်တပ် ၏ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁ နှင့် ခလရ-၁၁ တပ်ရင်းများသည် ပြီးခဲ့သည် ဩဂုတ် ၂ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက်တွင် AA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် (၃.၃) ကီလိုမီတာခန့်အကွာတွင် နံနက် ၁၁ နာရီ ၅၀ မိနစ်မှ နေ့လယ် ၁ နာရီ ၅၀ မိနစ်အထိ ပထမတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အာဏာလု စစ်တပ်က ဒရုန်းနှင့် မြေပြင် ပစ်ကူများ သုံး၍ ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ ပြန်လည်ခုခံမှုကြောင့် အထိအခိုက်များစွာဖြင့် တပ်ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ယင်းနေ့ ညနေ ၃ နာရီ ၄ မိနစ်တွင် အဆိုပါရွာ၏ အနောက်မြောက်ဘက် (၃.၇) ကီလို မီတာခန့်အကွာတွင် ၁ နာရီကျော်ကြာ ထပ်မံဖြစ်ပွားခဲ့ရာ အာဏာလု စစ်တပ်ဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ပျက်ကာ ကစဉ့်ကလျား ဆုတ်ခွာသွားခဲ့ရ ကြောင်း AA က ဆိုသည်။ ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အရှေ့ဘက်တွင် ၂ နာရီနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အာဏာလု စစ်အုပ်စုထံမှ စစ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-AA Info Desk Post navigation အောက်ခြေရဲဘော်များ အသက်နှင့်ရင်းနေရချိန် အထက်လူကြီးများ ပြန်ကြည့်ပေးရန်နှင့် ထိန်းသိမ်း ခံထားရသည့် ရဲဘော်ဆာဂျင်ကို ပြန်လည်လွှတ်ပေးရန် ဇနီးဖြစ်သူ တောင်းဆို ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုကို ကြိုဆိုသော်လည်း အာဏာလု စစ်အုပ်စု တရားဝင်မှုရရေး အသုံးချခွင့်မပြုရန် NUG သတိပေး