PSM(News) သြဂုတ် ၅ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်းက ထိန်းသိမ်းထားသည့် ခင်ပွန်းဖြစ်သူ ရဲဘော် ဆာဂျင်ကို ပြန်လွှတ်ပေးရန်နှင့် အသက်နှင့်ရင်း၍ တိုက်ပွဲဝင်နေရသည့် အောက်ခြေရဲဘော်များ ၏ အခြေအနေကို အထက်တာဝန်ရှိသူများအနေဖြင့် ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးရန် ရဲဘော် ဆာဂျင်၏ ဇနီးဖြစ်သူက PSM News မှတစ်ဆင့် တောင်းဆိုထားသည်။ “ပြန်လွှတ်စေချင်တယ်၊ တရားမျှတမှုလည်း ရချင်တယ်။ အောက်ကရဲဘော်လေးတွေက အားသွန် ခွန်စိုက် အသက်ရင်း လုပ်နေရချိန်မှာ အထက်လူကြီးတွေအနေနဲ့ ပြန်ကြည့်စေချင်တယ်” ဟု ရဲဘော် ဆာဂျင်၏ ဇနီးဖြစ်သူက PSM ကို ပြောသည်။ ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်းမှ တပ်ခွဲ (၄) ဒုတပ်ခွဲမှူး၊ တပ်ရင်းစခန်းမှူး၊ ယာယီတပ်ရင်း IO တို့သည် တပ်စိတ်တစ်စိတ်စာ အင်အားဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် နံနက် ၁ နာရီခန့်က ရဲဘော်ဆာဂျင်၏ နေအိမ်သို့ လာရောက်ကာ တပ်ရင်းသို့ ချက်ချင်းလိုက်ခဲ့ရန် ပြောဆိုခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ဇွန် ၁၆ ရက်တွင် ခရိုင်ထောက်လှမ်းရေး ဘုန်းမောင်၊ ခရိုင်စခန်းမှူး သူရိန်နှင့် ခရိုင်ရုံးအုပ် အေးမြတ်သူတို့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော် ခင်ပွန်းဖြစ်သူအား ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ တပ်ရင်းတာဝန်ရှိသူများဘက်မှ ယနေ့ထက်ထိ မိသားစုထံ တစ်စုံတစ်ရာ တရားဝင် ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးဟု ဆိုသည်။ ရဲဘော်ဆာဂျင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်က ကိုးတောင်ဘို့စခန်းကို ပြန်လည်တိုက်ခိုက် ရန်လာသည့် အာဏာလု စစ်တပ်ကို တိုက်ခိုက်ရင်း ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနေစဉ် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်းမှူး ဒူဝါမိုက်ကယ် ပါဝင်သည့် အဖွဲ့နှင့် မပြေလည်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် ဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် သေနတ်ဖြင့် ချိန်ရွယ်ခြင်းတို့ကို ကြုံတွေ့ခဲ့ရကြောင်း တပ်ရင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကို အထက်တာဝန်ရှိသူများအနေဖြင့် အရေးယူဖြေရှင်းပေးရန် ရဲဘော်ဆာဂျင်က တောင်းဆိုခဲ့ပြီး ဖြေရှင်းပေးခြင်းမရှိပါက တပ်ရင်းသို့ ပြန်မလာနိုင်ကြောင်း ပြောဆိုခဲ့ဖူးသည်။ “ပြဿနာအရင်းမြစ်ကိုတော့ သေချာမသိဘူးဗျ။ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့တော့ သိရတယ်။ အခုက တပ်ရင်းတွေမှာ တပ်ပြေးတွေ၊ ခွင့်လွန်တွေ၊ တပ်ကင်းကွာတွေကို ပြန်လည်ခေါ်ယူနေ တာရှိတော့ အဲဒီအချက်တွေနဲ့ ထိန်းသိမ်းတာမျိုးလို့ ထင်တာပဲ။ တချို့မြို့နယ်တွေဆို တပ်ကင်းကွာ ရဲဘော်တွေကို ပြစ်မှုပြစ်ဒဏ်ပုံစံ ဖမ်းဆီးအချုပ်ချတာတွေ ရှိတယ်” ဟု ဒေသခံကာကွယ်ရေး ရဲဘော် တစ်ဦးက PSM ကို ပြောသည်။ လက်ရှိတွင် ရဲဘော်ဆာဂျင်အား ထိန်းသိမ်းထားသည့် အခြေအနေနှင့် ပတ်သက်၍ ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်းဘက်မှ မိသားစုထံ တရားဝင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် တပ်ရင်း တာဝန်ရှိသူများထံ PSM က ဆက်သွယ်လျက် ရှိသည်။ ဓာတ်ပုံ-ပေးပို့ ပုံစာ-ထိန်းသိမ်းခံထားရသည့်ရဲဘော်ဆာဂျင် Post navigation ရခိုင်တွင် အာဏာလုစစ်အုပ်စုက အရပ်သားများကို ဗုံးကြဲပြီး AA ကို ဖိအားပေးနေ ရခိုင်တွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုက ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေ