PSM(News)

ဩဂုတ် ၅၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်း အာဏာလု စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ဒေသများရှိ မြို့၊ ရွာ၊ ရပ်ကွက်များကို ဗုံးကြဲပြီး အရပ်သားများကို သတ်ဖြတ်ကာ AA အား နိုင်ငံရေးအရ ဖိအားပေးနေခြင်းဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က PSM ကို သုံးသပ်ပြောကြားသည်။

စစ်ခေါင်းဆောင် အာဏာလုသမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သော်လည်း မြေပြင်တွင်မူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF များ စိုးမိုးထိန်းချုပ် ထားသော ဒေသများကို ယခင်ထက်ပိုသည့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့သည်။

“ခေတ်အဆက်ဆက် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အာဏာလု စစ်တပ်ဟာ တကယ့် ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာထက် သူတို့ရဲ့ လိုလားချက်၊ လိုအပ်ချက်ကို သွားဖို့အတွက်ကို ငြိမ်းချမ်းရေးဆိုတဲ့ လက်နက်ကို အသုံးချတာ ဖြစ်ပါတယ်” ဟု ဦးမျိုးကျော်က PSM ကို ပြောသည်။

အာဏာလုစစ်တပ်သည် မြေပြင်တပ်များ ထိုးဖောက်နိုင်ခြင်းမရှိတော့သည့် ရခိုင်ပြည်နယ်အတွင်းရှိ AA ထိန်းချုပ်ထားရာ ဒေသများတွင် အရပ်သားများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။

အာဏာလု စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်းမှာပင် အရပ်သား ၁ ဒါဇင်ကျော် သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်း တင်နေသည့် Arakan Responders for Emergency (ARE) ၏ အချက်အလက်များအရ သိရသည်။

အာဏာလု စစ်အုပ်စုသည် ရခိုင်ဒေသကို ပြန်လည်ထိန်းချုပ်ရန် မဖြစ်နိုင်တော့သည့်အတွက် ၎င်းတို့၏ နိုင်ငံရေးလိုလားချက်များအား အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်းဖြင့် AA အပေါ် ဖိအားပေးနေ ခြင်းဖြစ်သည်ဟု ဦးမျိုးကျော်က ဆိုသည်။

“အဲဒီလို အချိန်အခါမျိုးမှာ ဖက်ဆစ်တပ်ကတော့ အယုတ်မာဆုံးနည်းနဲ့ ပြည်သူတွေရဲ့ အသက်၊ ခန္ဓာ၊ အိုးအိမ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှု အဲဒီဟာတွေကို အကြမ်းဖက်ပြီး လူမဆန်စွာနဲ့ ရက်စက်ခြင်းအားဖြင့် AA ကို ဖိအားပေးတာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ဩဂုတ်လ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ရွှေလှေရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား လေး ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ပြည်မမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် မကွေးတိုင်း ပဒါန်းမြို့မှ ရခိုင်ပြည်နယ် အမ်းမြို့သို့ သွားရာ ‘ပဒါန်း – အမ်း’ လမ်းကြောင်း၊ မင်းတုန်းမြို့မှ မအီမြို့သို့ သွားရာ ‘မင်းတုန်း – မအီ’ လမ်းကြောင်း၊ ပဲခူးတိုင်း ပန်းတောင်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ သွားရာ ‘ပန်းတောင် – တောင်ကုတ်’ လမ်းကြောင်းနှင့် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့ သွားရာ ‘ငါးသိုင်းချောင်း – ဂွ’ လမ်းကြောင်းတို့တွင် AA သည် ဒေသခံ PDF များ မဟာမိတ်ဖွဲ့ကာ အာဏာလု စစ်အုပ်စု၏ ထိုးစစ်ကို ခုခံလျက်ရှိသည်။

အဆိုပါ စစ်မျက်နှာများတွင် အာဏာလု စစ်အုပ်စုသည် AA ပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ် ကြောင့် ဗျူဟာကုန်းများ၊ စခန်းကုန်းများနှင့် ကာကင်းစခန်းများကို လက်လွှတ်ရပြီး အထိနာ လျက်ရှိသည်။

ဓာတ်ပုံ-AA Info Desk

ပုံစာ- ဦးမျိုးကျော် ၊ ရခိုင်ပြည်နယ်အတွင်း အာဏာလုုစစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ရစဉ်။

By Htet Ko