PSM(News) ဩဂုတ် ၅၊၂၀၂၆ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အိုမန်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိသော ယာယီအစီအစဉ်အရ အီရန်နိုင်ငံသည် ရေလက်ကြားအတွင်း ဝင်ရောက်လာသည့် သင်္ဘောလာရောက်မှုကို ထိန်းချုပ်ရန်နှင့် ထွက်ခွာမည့် ယာဉ်ကြောများကို စောင့်ကြည့်ကာ လိုအပ်ပါက ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိရန် လိုလားနေကြောင်း အဆင့်မြင့် အီရန်သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် အဆိုပါ သတင်းရင်းမြစ်က ဤသည်မှာ “လက်တလော ဆွေးနွေးဆဲ အထွေထွေ အယူအဆ” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထွက်ခွာသည့် သင်္ဘောလမ်းကြောင်းမှာ အီရန်နှင့် အိုမန်အကြား ဖြတ်သန်းသွားမည်ဖြစ်ကာ အီရန်ကို အကြောင်းကြားပြီးနောက် အိုမန်မှတစ်ဆင့် ထွက်ခွာခွင့် ပြုချက် ရယူရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ချိန်ကတည်းက အဆိုပါ ရေလက်ကြားမှာ ပိတ်ဆို့ခံထားရဆဲ ဖြစ်သည်။ ဇွန်လအတွင်းက စစ်ပွဲရပ်စဲရန် အီရန်နှင့် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရာတွင် မဟာဗျူဟာမြောက် ရေလက်ကြားကို အီရန်က ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဝါရှင်တန်က ဆိုသော်လည်း သင်္ဘောလမ်းကြောင်းများအပေါ် ၎င်း၏ အာဏာပိုင်ခွင့်ကို စာသားအရ အတိအလင်း ထိန်းသိမ်းထားသည်ဟု အီရန်က ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ရိုမေးနီးယားနိုင်ငံတွင် ဒန်ညုမြစ်ရေကျဆင်းမှုကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံသို့ ရေလှည့်ရန် ကျောက်တောင်များကို ဖောက်ခွဲ ဂါဇာတွင် ၁၁၂ ဦး၏ ရုပ်အလောင်းများအစုလိုက်အပြုံလိုက် သဂြိုဟ်