PSM(News)

ဇူလိုင် ၅ ၊ ၂၀၂၆

မန္တလေးမြို့ဘက်မှ လက်နက်ခဲယမ်းများနှင့် စစ်အင်အားများ တင်ဆောင်လာသည့် အာဏာလုစစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အားများ ထပ်မံဖြည့်တင်းကာ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်ရန် ပြင်ဆင်နေကြောင်း ဒေသခံများနှင့် မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

မန္တလေးဘက်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော လက်နက်ခဲယမ်းများနှင့် စစ်အင်အားများ တင်ဆောင်လာသည့် ဖလပ်မော်တော်များနှင့် တိုက်ခိုက်ရေး စစ်သင်္ဘောများသည် အုပ်စုနှစ်စုခွဲ၍ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ယမန်နေ့ ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းတွင် အသီးသီး ရောက်ရှိလာခြင်းဖြစ်သည်။

ပထမအကြိမ်တွင် စစ်သင်္ဘောနှင့် ဖလပ်မော်တော် ၂၆ စီးနှင့် ဒုတိယအကြိမ်တွင် ၁၆ စီး၊ စုစုပေါင်း ၄၂ စီးခန့်အထိ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ စစ်သင်္ဘောအုပ်စု မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် လမ်းတစ်လျှောက်တွင် မြစ်ဘေးဝဲယာရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထိတ်လန့်တကြား တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“စစ်သင်္ဘောတွေ အထက်သို့ ဆန်တက်နေချိန်မှာ မြစ်ဘေးဝဲယာသို့ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူတွေ တိမ်းရှောင်ရတာတော့ ရှိပါတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက PSM ကိုပြောသည်။

ယခုအချိန်သည် ချင်းတွင်းမြစ်ရေ ကြီးမြင့်နေသည့် ကာလဖြစ်သောကြောင့် အာဏာလုစစ်အုပ်စုသည် ယင်းအခြေအနေကို အသုံးချကာ စစ်လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖလပ်မော်တော်များနှင့် တိုက်ခိုက်ရေးသင်္ဘောများ အသုံးပြု၍ မြစ်ကြောင်းအတိုင်း အစုန်၊ အဆန် သယ်ယူပို့ဆောင်ရေး ပြုလုပ်နေခြင်းဖြစ်သည်။

ထိုသို့ သယ်ယူပို့ဆောင်ရာတွင် အာဏာလုစစ်တပ်သည် မြစ်ကမ်းဘေးရှိ အပြစ်မဲ့ ပြည်သူများ၏ ကျေးရွာများကို စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာ တို့ကို အသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခြင်းများပါ ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် စစ်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်သည့် ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ မိဘပြည်သူများအနေဖြင့် စစ်သင်္ဘောများ ဖြတ်သန်းချိန်တွင် ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းခြင်း၊ ဗုံးခိုကျင်းများနှင့် ခိုင်ခန့်သော အဆောက်အအုံများအတွင်း၌သာ နေထိုင်ခြင်းဖြင့် ဘေးအန္တရာယ်ကို သတိပြုကြရန် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကလည်း မိဘပြည်သူများကို အရေးပေါ် နှိုးဆော်တိုက်တွန်းထားသည်။

ဓာတ်ပုံ-ဓာတ်ပုံ-PSM News

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed