PSM(NEWS) ဇူလိုင်၅၊၂၀၂၆ ရာထူးမှဆင်းတော့မည့် ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမာ က မိမိ၏အရိုက်အရာကို ဆက်ခံမည့်သူ မည်သူမဆို နိုင်ငံတကာအရေးအခင်းများနှင့် သံတမန်ရေးရာကိစ္စရပ်များတွင် မိမိကဲ့သို့ပင် အချိန်ပေးလုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဗြိတိန်နိုင်ငံ၏နောက်ထပ်ဆက်ခံမည့်ခေါင်းဆောင်သစ်အနေဖြင့် ပြည်တွင်းရေးရာကိစ္စများကိုသာ ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်မည်ဟူသော သုံးသပ်ချက်များကို ၎င်းက ပယ်ချလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက နှစ်နှစ်သက်တမ်းပြည့်လျှင် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာထားသော စတာမာသည် သောကြာနေ့က ပြုလုပ်သည့် ဘီဘီစီ (BBC) နှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်မှုများ ပိုမိုတိုးပွားလာနေသည့်အတွက် ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများကိုခွဲခြား၍မရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ “နိုင်ငံတကာရေးရာနဲ့ ပြည်တွင်းရေးရာကြားမှာ ဘယ်အရာက ပိုမိုသင့်လျော်တဲ့ ချိန်ခွင်လျှာလဲဆိုတဲ့ ဆွေးနွေးမှုမျိုး မကြာခဏ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ခုလုံးဟာ အတူတူပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ နိုင်ငံခြားရေးမူဝါဒအတွက် အချိန်အလွန်အကျွံပေးနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော စတာမာအား ဝန်ကြီးချုပ်သစ်တစ်ဦးအနေဖြင့် သံတမန်ရေးရာကိစ္စများတွင် အချိန်လျှော့ပေးနိုင်မလားဟု မေးမြန်းရာတွင် “မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ စတာမာကို ဆက်ခံရန် အလားအလာအရှိဆုံးဟု သတ်မှတ်ခံထားရသည့် လွှတ်တော်အမတ် အန်ဒီ ဘန်ဟမ် ကမူ နေထိုင်မှုစံနှုန်းများ၊ အိမ်ရာ၊ အခြေခံအဆောက်အအုံများနှင့် ဒေသဆိုင်ရာအာဏာ ခွဲဝေပေးခြင်းစသည့် ပြည်တွင်းရေး ဦးစားပေးကိစ္စရပ်များကိုသာ ပိုမိုအာရုံစိုက်လုပ်ဆောင်မည်ဟု ကတိပြုထားသည်။ စတာမာသည် ၎င်း၏ ဝန်ကြီးချုပ်သက်တမ်း နှစ်နှစ်အတွင်း ဗြိတိန်နိုင်ငံ၏ ကမ္ဘာ့အဆင့်အတန်းကို ပြန်လည်မြှင့်တင်နိုင်ခဲ့ပြီး ယူကရိန်းအား ထောက်ပံ့ကူညီခြင်းနှင့် နိုင်ငံတကာ မဟာမိတ်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်းတို့သည် ၎င်း၏ အဓိကအောင်မြင်မှုများ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ X တွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုမှတစ်ဆင့် ကာကွယ်ပြောဆိုခဲ့သည်။ ကိုးကား-Reuters Post navigation ကမ္ဘာ့ဖလား ၂၀၂၆ – ပြင်သစ်အသင်း ကွာတားဖိုင်နယ်သို့ တက်လှမ်း အီရတ်နိုင်ငံကမဟာဗျူဟာမြောက်ရေနံတင်ပို့ရေးပိုက်လိုင်းစီမံကိန်းများလေ့လာရန်အကြိုသဘောတူညီချက်များကို အတည်ပြု