PSM(NEWS)

ဇူလိုင် ၅၊၂၀၂၆

မက္ကဆီကိုနိုင်ငံ၊ ဗေရာခရုစ် ပြည်နယ်တွင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းများသည် ပြီးခဲ့သည့်ဇွန်လက ပြန်ပေးဆွဲခံခဲ့ရသည့် သတင်းထောက် ရိုဇာနာ ဂူဇမန်း ၏ ရုပ်အလောင်းဖြစ်ကြောင်း မက္ကဆီကိုအာဏာပိုင်များက သောကြာနေ့တွင် အတည်ပြုပြောကြားလိုက်သည်။ ဤလုပ်ကြံသတ်ဖြတ်မှုသည် ကမ္ဘာပေါ်တွင် သတင်းသမားများအတွက် အန္တရာယ်အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မက္ကဆီကို၏ သတင်းလွတ်လပ်ခွင့်အခြေအနေကို ထပ်မံ၍ မီးမောင်းထိုးပြလိုက်သလို ဖြစ်စေခဲ့သည်။

Pulso Informativo del Sureste သတင်းဌာန၏ ဒါရိုက်တာဖြစ်သူ ဂူဇမန်းသည် ဇွန်လ ၂ ရက်နေ့က ၎င်း၏နေအိမ်သို့ လက်နက်ကိုင် မျက်နှာဖုံးတပ်ထားသူများ ဝင်ရောက်လာပြီးနောက် ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဂူဇမန်းကို သတ်ဖြတ်ပြီးနောက် တိုက်ခိုက်သူများသည် သူမ၏ ရုပ်အလောင်းကို လောင်စာဆီများဖြည့်ထားသော စည်ပိုင်းများအတွင်း ထည့်သွင်း၍ ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် အာဏာပိုင်များက အဆိုပါနေရာမှ အရိုးစုအကြွင်းအကျန်များကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

“မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးချက်များအရ ရုပ်အလောင်းကို အတည်ပြုနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည့် အကြွင်းအကျန်များသည် သတင်းထောက် ဂူဇမန်း၏ ရုပ်အလောင်းဖြစ်ကြောင်း သိပ္ပံနည်းကျ အတည်ပြုနိုင်ခဲ့သည်” ဟု ဗေရာခရုစ်ပြည်နယ် ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ဂူဇမန်းကို ပြန်ပေးဆွဲသတ်ဖြတ်မှုနှင့် ပတ်သက်၍ လူ ၈ ဦးကို ဖမ်းဆီးထားပြီး၊ ၎င်းတို့အထဲတွင် ဗေရာခရုစ်မြို့၏ တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ အစ်ရှူအာတလန် ဒယ်လ် ဆူရက်စ်တေး မြို့မှ မြူနီစီပယ်ရဲတပ်ဖွဲ့ဝင် ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သည့် အုပ်စုအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

Article 19 အခွင့်အရေးအဖွဲ့၏ အဆိုအရ ၂၀၂၆ ခုနှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းတာဝန်များကြောင့် သတ်ဖြတ်ခံရသည့် သတင်းထောက် ၂ ဦးရှိပြီဖြစ်ပြီး၊ သမ္မတ ကလော်ဒီယာ ရှိန်းဘောင် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တာဝန်စတင်ယူချိန်မှစ၍ သတင်းထောက် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed