PSM (NEWS)

ဇူလိုင် ၅၊၂၀၂၆

ဇူလိုင်လ ၄ ရက်နေ့တွင် ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစဘတ်နှင့် ဝန်းကျင်ဒေသများအား ယူကရိန်းတပ်ဖွဲ့များက အကြီးစားဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းအာဏာပိုင်များက အတည်ပြုထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုအတွင်း စိန့်ပီတာစဘတ်မြို့ရှိ ရေနံသိုလှောင်ရုံတစ်ခု ထိမှန်ခဲ့ပြီး မြို့တော်ဝန် အလက်ဇန္ဒား ဘက်ဂလော့ဗ်က လူသေဆုံးမှုမရှိကြောင်းနှင့် အခြေအနေများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ လီနင်ဂရက်ဒေသရှိ ဗီဆော့စ်ဆိပ်ကမ်းတွင်လည်း ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဒေသတွင်း အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဒရော့ဇ်ဒန်ကိုက ၎င်းတို့အနေဖြင့် ရန်သူ့ဒရုန်း ၇၂ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၎င်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့များသည် ရုရှား၏ စစ်ရေးကို ငွေကြေးထောက်ပံ့ပေးနေသည့် ရေနံအခြေခံအဆောက်အအုံများနှင့် စစ်ရေးအရ အရေးပါသော ခရွန်စတက်ရေတပ်အခြေစိုက်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း တယ်လီဂရမ်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ယူကရိန်းသည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ရုရှားနိုင်ငံတစ်ဝန်းရှိ ရေနံချက်စက်ရုံများ ထိခိုက်ပျက်စီးမှုများရှိပြီး လောင်စာဆီပြတ်လပ်မှု ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ပြည်တွင်းလောင်စာဆီဈေးကွက်ကို အထောက်အကူပြုမည့် အခွန်ဆိုင်ရာ ပြင်ဆင်ချက်ဥပဒေများကို လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် ယင်းတိုက်ခိုက်မှုများအတွင်း ဘရိုင်ယန်ဒေသနှင့် ခရိုင်းမီးယားဒေသများတွင်လည်း ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား တစ်ဦးစီ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အစီရင်ခံတင်ပြခဲ့သည်။

ကိုးကား-Reuters

By Htet Ko