PSM(News) ဇွန် ၅၊ ၂၀၂၆ ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့နှင့် ကန်ပက် လက်မြို့တို့ကို အင်အား ၂,၀၀၀ ခန့်ဖြင့် အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ကြောင်းများကို အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CUP/CPA) က ထုတ်ပြန်ထားသည်။ အာဏာလုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ အတွင်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ အမြောက်အမြား ဖြည့်တင်းပြီးနောက် ၎င်းတို့ လက်လွှတ်ထားရသည့် ချင်းပြည်နယ်တောင်ပိုင်းမှ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့များကို ပြန်လည်သိမ်းပိုက်ရန် စစ်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မေလ ဒုတိယပတ်မှစ၍ ယောဒေသ ဆောမြို့ဘက်မှ ကန်ပက်လက်မြို့သို့လည်းကောင်း၊ ကျောက်ထုမြို့ဘက်မှ မင်းတပ်မြို့သို့လည်းကောင်း စစ်ကြောင်းများ ခွဲကာ အပြင်းအထန် ထိုးစစ် ဆင်လာခဲ့ခြင်းဖြစ်ပြီးယင်းစစ်အုပ်စုတပ်များကို ကန်ပက်လက်မြို့နှင့် ၆ မိုင်အကွာ မင်းတပ်မြို့နှင့် ၁၀ မိုင်အကွာ ပတ်ဝန်းကျင်တို့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ချင်းပြည်သူ့တပ်မတော် (CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်အုပ်စု၏ ထိုးစစ် များကို အောင်မြင်စွာ ဟန့်တားထိန်းချုပ်ထားနိုင်သဖြင့် မြေပြင်တွင် အထိနာနေသည့် စစ်တပ်သည် တိုက်လေယာဉ် ၊ Y-12 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း CUP/CPA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “လောလောဆယ်တော့ ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ပြောနိုင်ပါ သေးတယ်။ အခြေ အနေတွေကတော့ ဆက်လက် စောင့်ကြည့်ရဦးမယ့် သဘောမျိုးပဲဖြစ်ပါတယ်” ဟု (CUP/CPA) မှ ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းယောမာန် က PSM ကို ပြောသည်။ စစ်အုပ်စုသည် မြေပြင်ထိုးစစ်တွင် အရေးနိမ့်နေသဖြင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ရှိ အရပ်ဘက် နေအိမ်အဆောက်အအုံများကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် မင်းတပ် မြို့နယ်အတွင်းရှိ ထင်ချောင်းရွာကိုလည်း စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စစ်အုပ်စု၏ လေကြောင်းရန်နှင့် စစ်ကြောင်းထိုးမှုများကြောင့် မင်းတပ်မြို့နယ်အတွင်း၌ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ပြည်သူ ၁၇,၀၀၀ ကျော်အထိ ရှိလာပြီး ၎င်းတို့အတွက် ရိက္ခာနှင့် ဆေးဝါး အပါအဝင် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း မင်းတပ်စစ်ဘေးရှောင် ကော်မတီက အသိပေးထားသည်။ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CUP/CPA) သည် ပြီးခဲ့သည့် ၂၀၂၄ ၊ ဒီဇင်ဘာ အတွင်းက ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကိုပါ ဖော်ဆောင်လျက်ရှိသည်။ Post navigation မကွေးတိုင်းတွင် အာဏာလုစစ်အုပ်စုတပ်နှင့် တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ပွားပြီး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ