PSM(News)

ဇွန် ၅ ၊ ၂၀၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဗျူဟာမြောက် ရေပြာရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးနှင့် မကွေးတိုင်း PDF စစ်ရုံးချုပ်နှင့် နီးစပ်သည့် သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ ရေပြာရွာရဲစခန်းသည် ပေါက်မြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ၊ ပုသိမ် – မုံရွာ ကားလမ်းမ ကြီးပေါ်တွင် တည်ရှိပြီး ဒေသတွင်း၌ စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဗျူဟာအရ အလွန်အရေး ပါသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ စီးနင်းသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ရေပြာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာတော့ အတည်ပြုလို့ရပါတယ်” ဟု မကွေးတိုင်း PDF စစ်ရုံးနှင့် နီးစပ်သူက PSM ကို ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့က ရေပြာရွာရဲစခန်းကို အောင်မြင်စွာ စီးနင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိ သူများထံသို့ PSM News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အာဏာလုစစ်အုပ်စုသည် ၎င်းတို့၏ “ရက် ၁၀၀ စီမံချက်” ဖြင့် မကွေးတိုင်းအတွင်း နယ်မြေစိုး မိုးမှုပြန်ရရန် စစ်ကြောင်းများအမြောက်အမြားခွဲ၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ ဘက်ကလည်း ခုခံစစ်အပြင် အရှိန်အဟုန်မြှင့် တန်ပြန်ထိုးစစ်များကိုပါ ဖော်ဆောင်လျက်ရှိရာ မေလ ဆန်းပိုင်းမှစတင်၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် မေလနှောင်းပိုင်းကလည်း ပေါက်မြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် မြိုင်မြို့နယ် အတွင်း၌ အာဏာလုစစ်အုပ်စုတပ်နှင့် ပျူစောထီးများ ၅ နှစ်နီးပါးကြာ အခိုင်အမာတပ်စွဲထားသည့် သရက်ကန် ပျူစောထီးရွာစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *