မောင်မောင်ကဲ/PSM (News)

မတ် ၅ ၊ ၂၀၂၆

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်၏ အစဉ်အလာအရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပူးတွဲကိုင်တွယ်ရသည့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း (ကြည်းချုပ်) ရာထူးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံမှ ဖယ်ရှား၍ ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရာထူးအပြောင်းအလဲများ ပြုလုပ်ရာတွင် အဓိကအကျဆုံး ဖြစ်သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းထံမှ တကယ့်လက်တွေ့ စစ်တပ်ကို အမိန့်ပေးကွပ်ကဲနိုင်သည့် “ကြည်းချုပ်” ရာထူးကို ခွဲထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြည်းချုပ်ရာထူးတွင် စစ်ဘက်လုံခြုံရေးအရာရှိချုပ် (စရဖ) အဖြစ် စစ်ခေါင်းဆောင်၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးကွန်ရက်ကို တာဝန်ယူပေးခဲ့သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်။

စစ်တပ်၏ ဒုတပ်ချုပ်ရာထူးသည် အမည်ခံသဘောသာရှိပြီး စစ်မြေပြင်နှင့် တပ်ရင်းတပ်ဖွဲ့များကို တိုက်ရိုက်အမိန့်ပေးနိုင်သည့် အာဏာမှာ “ကြည်းချုပ်” ရာထူးတွင်သာ ရှိသောကြောင့်၊ စစ်အာဏာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပေးလိုက်ခြင်းမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အာဏာကို အမြစ်ပြတ် ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။

“ဒါဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို သွေးမထွက်ဘဲ အာဏာသိမ်းလိုက်တာပါပဲ။ စိုးဝင်းမှာ ရာထူးရှိ ပေမယ့် အမိန့်ပေးလို့ရတဲ့ တပ်မရှိတော့ဘူး။ တပ်ရင်းတပ်ဖွဲ့တွေက အခုဆိုရင် ရဲဝင်းဦးရဲ့ လက်အောက် ကို ရောက်သွားပြီ” ဟု CDM စစ်အရာရှိတစ်ဦးက PSM ကို ပြောသည်။

စစ်တပ်အစဉ်အလာကို ချိုးဖောက်ပြီး ကြည်းချုပ်ရာထူးကို သီးခြားခွဲထုတ်လိုက်ခြင်းကြောင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အရိုက်အရာကို ဆက်ခံမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးလမ်းကြောင်းမှ ဖယ်ထုတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။

စစ်ခေါင်းဆောင်သည် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို စစ်တပ်မှ အပြီးတိုင်အနားပေးရန် ပြင်ဆင်နေခြင်းဖြစ်ပြီး၊ လာမည့် ဧပြီလတွင် ဟန်ပြ အစိုးရဖွဲ့စည်းပါက အရေးပါခြင်းမရှိသည့် နိုင်ငံရေးရာထူးတစ်ခုခုသို့ ပေးအပ်ဖွယ်ရှိကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားသည်။

#စစ်ခေါင်းဆောင်မင်းအောင်လှိုင်

#ဗိုလ်ချုပ်ကြီးရဲဝင်းဦး

#ကာကွယ်ရေးဦးစီးချုပ်ကြည်း

#ဒုစစ်ခေါင်းဆောင်စိုးဝင်း

#စစ်အာဏာ

#PSM_News

By Htet Ko