PSM(NEWS)

မတ် ၅ ၊ ၂၀၂၆

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီး အီရန် ဘက်မှ လက်တုံ့ပြန်မှုများ တိုးမြှင့်လာခြင်းကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေများရှိနေသဖြင့် နိုင်ငံလေးခုရှိ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများမှ ဝန်ထမ်းအချို့အား ရာထူးနေရာများမှ ထွက်ခွာရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါကစ္စတန်၊ ဆိုက်ပရပ်စ်၊ အိုမန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ရှိ သံတမန်အဖွဲ့အစည်းများမှ အရေးမကြီးသော အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ လာဟိုးနှင့် ကရာချိမြို့ရှိ ကောင်စစ်ဝန်ရုံးများမှ ဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။ ပါကစ္စတန်နိုင်ငံတစ်ဝန်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း လူ ၂၀ ကျော်သေဆုံးခဲ့ပြီးနောက် ယခုအမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကရာချိမြို့တွင် ဆန္ဒပြလူအုပ်စုက အမေရိကန် ကောင်စစ်ဝန်ရုံးကို စီးနင်းရန် ကြိုးပမ်းခဲ့ကြပြီးအနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ မြို့တော်အစ္စလာမ္မာဘတ်ရှိ အမေရိကန်သံရုံးကမူ အင်္ဂါနေ့တွင် ပုံမှန်လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း ၎င်းတို့၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

အမေရိကန်၏ ယခုဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းနှင့် အနီးတဝိုက်ဒေသများတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများ၏ တိုက်ရိုက်ရလဒ်ဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန် ခေါင်းဆောင်ကြီး သေဆုံးခဲ့ရသည့်အပေါ် အီရန်ဘက်က နည်းမျိုးစုံဖြင့် လက်တုံ့ပြန်နေခြင်းကြောင့် ယခုကဲ့သို့သံတမန်ဝန်ထမ်းများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းရခြင်း ဖြစ်သည်။

ကိုးကား The New York Times

#အီရန်

#လက်တုံ့ပြန်မှု

#အမေရိကန်

#သံတမန်ရွှေ့ပြောင်း

#နိုင်ငံလေးခု

#PSM_News

By Htet Ko