PSM(NEWS)

မတ် ၅ ၊ ၂၀၂၆

အသက် ၅၆ နှစ် အရွယ်ရှိ မူဂျတာဘာခါမေနီသည် ၎င်း၏ ဖခင်ဖြစ်သူကဲ့သို့ပင် အီရန်နိုင်ငံကိုဆက်လက် ဦးဆောင်သွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသည်။

အီရန်၏ ခေါင်းဆောင်ကြီးအယာတိုလာ အလီခါမေနီ၏ နေရာတွင် အစားထိုးရန်အတွက် ၎င်း၏ ဒုတိယမြောက်သားဖြစ်သူ မူဂျတာဘာခါမေနီမှာ အလားအလာ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာကြောင်း သိရသည်။

အသက် ၈၆ နှစ် အရွယ်ရှိ အယာတိုလာ အလီခါမေနီသည် ပြီးခဲ့သည့် စနေနေ့က ၎င်း၏ နေအိမ်ဝင်းအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီးနောက် ပင်လယ်ကွေ့ဒေသတွင် ရှုပ်ထွေးမှုနှင့် မတည်ငြိမ်မှုများ ပေါ်ပေါက်ခဲ့သည်။ ၎င်းသည် အစ္စလာမ်မစ် သမ္မတနိုင်ငံတော်၏ ဘာသာရေးခေါင်းဆောင်အဖြစ် ၃၇ နှစ် ကြာ တာဝန်ယူခဲ့သူ ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ၎င်း၏ ဇနီးမန်ဆူရေးခိုဂျက်စတေး ဘာဂါဇာဒေးနှင့် မူဂျတာဘာ ခါမေနီ၏ ဇနီး ဇာဟ်ရာ အာဒဲလ် တို့လည်း သေဆုံးခဲ့ကြောင်း အီရန်ဘက်က အတည်ပြုသည်။

အီရန် ကျွမ်းကျင်သူများအဖွဲ့ ၏ အစည်းအဝေး နှစ်ကြိမ်အပြီးတွင် မူဂျတာဘာကို အဓိကကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အီရန်အရာရှိများကို ကိုးကား၍ The New York Times က ဖော်ပြခဲ့သည်။

ယင်းအဖွဲ့သည် အဖွဲ့ဝင် ၈၈ ဦး ပါဝင်သော ဩဇာကြီးမားသည့် အစ္စလာမ်ဘာသာရေး ပညာရှင်များအဖွဲ့ဖြစ်ပြီး အဓိကခေါင်းဆောင်ကို ခန့်အပ်ခြင်းနှင့် ကြီးကြပ်ခြင်း တာဝန်များကို ထမ်းဆောင်ရသည်။

သတင်းရင်းမြစ်အချို့၏ အဆိုအရ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ဖိအားပေးမှုကြောင့် မူဂျတာဘာကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းအား ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းသည် အီရန်နိုင်ငံအတွင်း အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်။ အကြောင်းမှာ အစ္စလာမ်မစ် သမ္မတနိုင်ငံတော်သည် ယခင်ရှားဘုရင်၏ မျိုးရိုးဆက်ခံ အုပ်ချုပ်သည့်စနစ်ကို ဆန့်ကျင်၍ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ယခုကဲ့သို့ သားဖြစ်သူက ရာထူးဆက်ခံခြင်းမှာ ဝေဖန်စရာ ဖြစ်လာနိုင်ပါသည်။

ကိုးကား The Independent

#PSM_News

#အီရန်

#အငြင်းပွားဖွယ်ရာ

#ရှားဘုရင်

#အုပ်ချုပ်သည့်စနစ်

#မူဂျတာဘာခါမေနီ

#ရာထူးဆက်ခံ

By Htet Ko