PSM(News)
ဖေဖော်ဝါရီ ၅၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ပြုလုပ်ခဲ့သည့် အတု အယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရနှင့် သမ္မတအထက်တွင် ရှိနေမည့် “ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ” ဥပဒေကို ဖေဖော်ဝါရီ ၃ ရက်တွင် ယာယီသမ္မတအဖြစ် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ကောင်စီသည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း တို့ကို ပြုလုပ်ခွင့်ရှိမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီသည် ရွေးကောက်ခံ သမ္မတ၏ အုပ်ချုပ်ရေးအာဏာထက် သာလွန်သည့် လုပ်ပိုင်ခွင့်များကို ရယူထားခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအရ အဆိုပါကောင်စီသည် နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးများကို ထိန်းချုပ်မည့် “ညှိနှိုင်းဆောင်ရွက်သူ” နေရာကို ယူထားပြီး ကောင်စီဝင်များသည် မည်သူ့ကို တာဝန်ခံ ရမည်ဟု ဖော်ပြထားခြင်းမရှိဘဲ သမ္မတ၏ သက်တမ်းအတိုင်း ခံစားခွင့်အပြည့်ဖြင့် အာဏာတည်မြဲ စေရန် ဖန်တီးထားခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသည့် အဖွဲ့အစည်းဖြစ်၍ ယခုဥပဒေသည် ဥပဒေအမည်ခံထားသည့် တရားမဝင် စာရွက်သာသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြန်လည်တုံ့ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့နောက်ပိုင်းမှစ၍ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် စစ်ခေါင်းဆောင် သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် ယခုကဲ့သို့ အရေးပါသည့် ဥပဒေကို ပြဋ္ဌာန်းကာ ပြန်လည် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ခေါင်းဆောင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးအား စွန့်လွှတ်ရမည်ကို စိုးရိမ်၍ သမ္မတ ရာထူးကို မယူခဲ့လျှင်ပင် သမ္မတအထက်မှနေ၍ တိုင်းပြည်အာဏာအားလုံးကို ဆက်လက်ချုပ်ကိုင် ထားနိုင်ရန် ယခုဥပဒေကို အသုံးချသွားဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ယခင် အရပ်သားအစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် ခန့်အပ်ခဲ့စဉ်က စစ်တပ်အနေဖြင့် အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း ယခုအခါ ကာချုပ် ရာထူးကို စွန့်လွှတ်ရန် ဝန်လေးနေသည့် စစ်ခေါင်းဆောင်ကိုယ်တိုင်က အဆိုပါ လမ်းကြောင်းကိုပင် အသုံးပြု၍ အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ

အာဏာချုပ်ကိုင်မှု

၂၀၀၈ဖွဲ့စည်းပုံ

မင်းအောင်လှိုင်

PSM_News

By Htet Ko