PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန် နျူကလီးယားစာချုပ်သည် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီ ၅ ရက်ကြာသပတေးနေ့ ယနေ့တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်၊ ယင်းနောက်ပိုင်းတွင် မိမိတို့အနေဖြင့် “တာဝန်ယူမှုရှိရှိ” ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင်ကတိပြုပြောကြားလိုက်သည်။ အဆိုပါစာချုပ်ပျက်ပြားသွားခြင်းကြောင့်ကမ္ဘာ့ထိပ်သီးနျူကလီးယားအင်အားကြီးနိုင်ငံများအကြားလက်နက်ပြိုင်ဆိုင်မှုအသစ်များဖြစ်လာနိုင်သည်ဟူသောစိုးရိမ်မှုများမြင့်တက်နေချိန်တွင်ယခုကဲ့သို့ပြောကြားလာခြင်းဖြစ်သည်။ ၂၀၁၀ပြည့်နှစ်တွင်လက်မှတ်ရေးထိုးခဲ့သည့် New STARTစာချုပ်သည်တစ်ဖက်စီမှတပ်ဖြန့်ထားနိုင်သည့်နျူကလီးယားထိပ်ဖူးအရေအတွက်ကိုကန့်သတ်ထားခြင်းဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားနှင့် အမေရိကန်န်တို့သည် ၎င်းတို့၏နျူကလီးယားလက်နက်တိုက်များအပေါ် တားမြစ်ထားသည့် ကန့်သတ်ချက်များအားလုံးမှလွတ်မြောက်သွားမည်ဖြစ်သည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ဗုဒ္ဓဟူးနေ့ကဖုန်းဖြင့်ဆွေးနွေးရာတွင်စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားအနေဖြင့်“ချိန်ဆပြီးတာဝန်ယူမှုရှိရှိဆောင်ရွက်သွားမည်”ဟုပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော် အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်ကဆိုသည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄)ကလက်နက်ပြိုင်ဆိုင်မှုအသစ်ကိုရှောင်လွှဲနိုင်ရန် နှစ်ဖက်စလုံးက “ဖြစ်နိုင်သမျှအစွမ်းကုန်” ကြိုးစားကြရန်တိုက်တွန်းခဲ့ပြီး၊ လက်တွေ့ကျပြီး ထိရောက်သည့်နောက်ဆက်တွဲအစီအစဉ်မရှိဘဲ ဤစာချုပ်ကိုလက်မလွှတ်လိုက်ရန်မိန့်ကြားခဲ့သည်။ အဆိုပါစာချုပ်အရနှစ်ဖက်စလုံးသည်မဟာဗျူဟာမြောက်နျူကလီးယားထိပ်ဖူးအရေအတွက်ကို၁,၅၅၀ထက်မပိုစေရန်ကန့်သတ်ထားရသည်။ ယင်းသည် ၂၀၀၂ ခုနှစ်ကသတ်မှတ်ချက်ထက် ၃၀ ရာခိုင်နှုန်းခန့် လျှော့ချထားခြင်းဖြစ်သည်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICAN) က New STARTစာချုပ်မရှိတော့ပါကရုရှား၊အမေရိကန်နှင့်အခြားနျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံများအကြားထိပ်ဖူးအရေအတွက်နှင့်ပစ်လွှတ်မှုစနစ်များ ပိုမိုတိုးမြှင့်လာမည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနကမူစာချုပ်သက်တမ်းကုန်ဆုံးရခြင်းမှာ ရုရှား၏ပျက်ကွက်မှုကြောင့်ဖြစ်ကြောင်း၊အမေရိကန်ဘက်ကစာချုပ်သက်တမ်းတိုးရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မော်စကိုဘက်က တုံ့ပြန်မှုမရှိခဲ့ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ကမ္ဘာ့နျူကလီးယားထိပ်ဖူး ၈၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည့် ရုရှားနှင့်အမေရိကန်တို့အကြား ဆက်ဆံရေးမှာ မကြာသေးမီနှစ်များအတွင်းသိသိသာသာဆိုးရွားလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များဆိုင်ရာစာချုပ် (INF) မှ နှစ်နိုင်ငံလုံးနုတ်ထွက်ခဲ့ကြသလို၊၂၀၂၄ခုနှစ်တွင်လည်းရုရှားနျူကလီးယားလက်နက်အသုံးပြုနိုင်သည့်စံနှုန်းသတ်မှတ်ချက်ကိုလျှော့ချခဲ့ကြောင်း သိရသည်။ ကိုးကား AFP နျူကလီးယားတပ်ဖွဲ့များဆိုင်ရာစာချုပ် လက်နက်ပြိုင်ဆိုင်မှုအသစ် စံနှုန်းသတ်မှတ်ချက်_လျှော့ချ ကမ္ဘာ့နျူကလီးယားထိပ်ဖူး_၈၀ရာခိုင်နှုန်း 𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation ကုလသမဂ္ဂ ဘဏ္ဍာရေး အကြီးအကျယ် ပြိုလဲနိုင်ခြေရှိဟု အထွေထွေအတွင်းရေးမှူးချုပ် သတိပေး တရုတ်စစ်ဘက်အဆင့်မြင့်အရာရှိကြီးအားစုံစမ်းစစ်ဆေးပြီးနောက် ကာကွယ်ရေးကဏ္ဍမှ အမတ် ၃ ဦးကို ရာထူးမှဖယ်ရှား