PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ကုလသမဂ္ဂအဖွဲ့ကြီးသည် မကြုံစဖူးသော ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး လာမည့် ဇူလိုင်လအတွင်း “ချက်ချင်းဘဏ္ဍာရေးပြိုလဲမှု”နှင့်ကြုံတွေ့ရနိုင်ကြောင်းအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘတ်ဂျက်ကော်မတီသို့ တရားဝင်အစီရင်ခံစာ ပေးပို့၍သတိပေးလိုက်သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံထံ ပေးပို့သော ၎င်း၏ အစီရင်ခံစာတွင် ကုလသမဂ္ဂ၏ လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်များအတွက် အရန်ငွေကြေးမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုကဲ့သို့ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်ရောက်ရခြင်းမှာ အဓိကအကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ အဖွဲ့ဝင်နိုင်ငံများက ပေးဆောင်ရန် ပျက်ကွက်နေသည့် မဖြစ်မနေပေးသွင်းရမည့် အဖွဲ့ဝင်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံအထိ ရှိလာခဲ့ပြီး ယင်းမှာ ကုလသမဂ္ဂ သမိုင်းတလျှောက် အမြင့်ဆုံး အကြွေးပမာဏ ဖြစ်သည်။ လက်ရှိကျင့်သုံးနေသည့် ဘတ်ဂျက်စည်းမျဉ်းများအရ ကုလသမဂ္ဂသည် နှစ်ကုန်တွင် ပိုလျှံနေသော ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများထံ ပြန်လည်ခွဲဝေပေးရသည်။ သို့သော် အချို့နိုင်ငံများက အဖွဲ့ဝင်ကြေး မပေးဆောင်သဖြင့် လက်ဝယ်တွင် အမှန်တကယ် ရှိမနေသည့်တိုင် ပြန်လည်ပေးအပ်နေရခြင်းက ဘဏ္ဍာရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ အတွင်းရေးမှူးချုပ်က ယင်းစနစ်ကို နားလည်ရခက်ပြီး ရှုပ်ထွေးလွန်းသော စနစ်ဟု တင်စားခေါ်ဝေါ်ခဲ့သည်။ “ကျွန်တော်တို့ဟာ တကယ်မရှိတဲ့ငွေကို ပြန်ပေးနေရတဲ့ သံသရာထဲမှာ ပိတ်မိနေပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ အကယ်၍ အဖွဲ့ဝင်နိုင်ငံများက အကြွေးများကို အချိန်မီ ပေးဆောင်ခြင်း မရှိပါက သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို အခြေခံကျကျ ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ပါက ကမ္ဘာတစ်ဝန်းရှိ ကုလသမဂ္ဂ ဝန်ထမ်းများ၏ လစာပေးချေမှုများ ရပ်ဆိုင်းသွားနိုင်ခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိခိုက်နိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ရုံးခွဲများ ပိတ်သိမ်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြင်း တို့ ဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။ ကုလသမဂ္ဂအနေဖြင့် အဆိုပါအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံး မိမိတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်ကြရန် ဖေဖော်ဝါရီလဆန်းအတွင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ ကိုးကား Reuters ကုလသမဂ္ဂ ဘဏ္ဍာရေး_အကျပ်အတည်း အကြီးအကျယ်_ပြိုလဲနိုင်ခြေရှိ အထွေထွေအတွင်းရေးမှူးချုပ် သတိပေး PSM_News Post navigation ထိုင်းနိုင်ငံက FBI နှင့် နိုင်ငံတကာမီဒီယာများကို ခေါ်ဆောင်၍ ကျားဖြန့်ဂိုဏ်းများကို ဖော်ထုတ်မှုအပေါ် ကမ္ဘောဒီးယားအစိုးရ ပြင်းထန်စွာကန့်ကွက် အမေရိကန်နှင့်ချုပ်ဆိုထားသောနျူကလီးယားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်‘တာဝန်ယူမှုရှိရှိ’ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားကတိပြု