PSM(NEWS)
ဖေဖော်ဝါရီ ၅၊ ၂၀၂၆

ထိုင်းအာဏာပိုင်များသည် ကမ္ဘောဒီးယားပိုင်နက်အတွင်းသို့ နိုင်ငံခြားစစ်သံမှူးများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများကို ခွင့်ပြုချက်မရှိဘဲ ခေါ်ဆောင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းကြည်းတပ်၏ ထောက်လှမ်းရေးအရာရှိချုပ် ဦးဆောင်သော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်းချေပြည်နယ် အိုစမတ်ခ်မြို့နယ်ရှိဟိုတယ်နှစ်ခုသို့ ကမ္ဘောဒီးယားအစိုးရ၏ သဘောတူညီချက်မရှိဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလုပ်ရပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အိုစမတ်ခ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ဟု သံသယရှိသော နေရာများကို စစ်ဆေးရန်အတွက် နိုင်ငံခြားစစ်သံမှူးများ၊ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေဗျူရို(FBI) အရာရှိများနှင့် နိုင်ငံတကာသတင်းမီဒီယာများကို ခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုကဲ့သို့ စွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ဆေးမှုအတွင်း ကောလ်စင်တာဂိုဏ်းများ အသုံးပြုခဲ့သည်ဟု ယူဆရသော စွန့်ပစ်ထားသည့် အဆောက်အအုံများကို တွေ့ရှိခဲ့ပြီး ကမ္ဘာအနှံ့ လိမ်လည်မှုများပြုလုပ်ရန် ဖန်တီးထားသည့် နိုင်ငံအသီးသီးမှ ရဲစခန်းအတုများ၊ အစိုးရရုံးခန်းအတုများနှင့် အမေရိကန်ဒေါ်လာ အတုများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပြောကြားချက်အရ ထိုင်းအဖွဲ့ လာရောက်စစ်ဆေးခဲ့သောနေရာများသည် နယ်စပ်မှတ်တိုင်အမှတ် ၁၅ အနီးရှိ အိုစမတ်ခ် နိုင်ငံတကာဝင်ပေါက်မှ ၃၉၇ မီတာခန့်သာ ကွာဝေးကြောင်း သိရသည်။

အဆိုပါဒေသမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များက သိမ်းပိုက်ရယူထားသည့် နယ်မြေဖြစ်သည်ဟုလည်း ကမ္ဘောဒီးယားဘက်က ဆိုသည်။

ကိုးကား Khaosod

ထိုင်းနိုင်ငံ

FBI

နိုင်ငံတကာမီဒီယာများ

ကျားဖြန့်ဂိုဏ်း_ဖော်ထုတ်မှု

ကမ္ဘောဒီးယားအစိုးရ

ပြင်းထန်စွာကန့်ကွက်

PSM_News

By Htet Ko