PSM(NEWS)
ဖေဖော်ဝါရီ ၅၊ ၂၀၂၆

ဂရိနိုင်ငံ အီးဂျီးယန်းပင်လယ် အတွင်းရှိ ချီအော့စ်ကျွန်းအနီးတွင် ဖေဖော်ဝါရီ ၃ ရက်အင်္ဂါနေ့ ညပိုင်းက ရွှေ့ပြောင်းအခြေချသူများ လိုက်ပါလာသည့် စက်လှေတစ်စီးနှင့် ဂရိကမ်းခြေစောင့်တပ် ကင်းလှည့်သင်္ဘောတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဂရိအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

ဂရိကမ်းခြေစောင့်တပ်၏ ထုတ်ပြန်ချက်အရ လူအမြောက်အမြား လိုက်ပါလာသည့် အဆိုပါ စက်လှေသည် တူရကီနိုင်ငံဘက်မှ ဂရိကျွန်းစုများဆီသို့ ဦးတည်ခုတ်မောင်းလာစဉ် ကမ်းခြေစောင့်တပ်၏ ရပ်တန့်ရန် အချက်ပြမှုကို လျစ်လျူရှုကာ အန္တရာယ်ရှိသော မောင်းနှင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စက်လှေသည် ကင်းလှည့်သင်္ဘော၏ ညာဘက်ဘေးကို ဝင်တိုက်မိကာ တိမ်းမှောက်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၁၅ ဦးတွင်အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦး ပါဝင်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက လူပေါင်း ၂၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကယ်ဆယ်ခံရသူများထဲမှ အမျိုးသမီးတစ်ဦးမှာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦးနှင့် ဂရိကမ်းခြေစောင့်တပ်ဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်။ ဒဏ်ရာရရှိသူများကို ချီအော့စ်ကျွန်းရှိ စကိုင်းလစ်ဆီယို အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး အချို့မှာ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ဂရိရေကြောင်းရေးရာဝန်ကြီး ဗွီ.ကီကီလီရပ်စ် က ဤဖြစ်စဉ်အပေါ် တုံ့ပြန်ရာတွင် “ခေတ်သစ်လူကုန်ကူးသူများသည် နိုင်ငံ၏ရန်သူများဖြစ်ပြီး အပြစ်မဲ့ပြည်သူများ၏ အသက်ကို ဘေးအန္တရာယ်အတွင်းသို့ တွန်းပို့နေကြသည်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် ဥရောပသမဂ္ဂ နယ်စပ်ကာကွယ်ရေးအေဂျင်စီ (Frontex) တို့က ဂရိကမ်းခြေစောင့်တပ်၏ ရွှေ့ပြောင်းအခြေချသူများအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ယခင်ကတည်းက စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

အဆိုပါစက်လှေသည် ကမ်းခြေစောင့်တပ်သင်္ဘောကို တမင်တကာ ဝင်တိုက်ခြင်း ဟုတ်မဟုတ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးဘဲ အငြင်းပွားဖွယ်ရာများ ရှိနေကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

လက်ရှိတွင် ဂရိကမ်းခြေစောင့်တပ်၊ ရဟတ်ယာဉ်များနှင့် အရပ်သားရေငုပ်သမားများ ပူးပေါင်းကာ ပျောက်ဆုံးနေသူများ ရှိမရှိအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Reuters သတင်းဌာန၏ ဖော်ပြချက်အရ ဤဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဂရိပင်လယ်ပြင်၌ ဖြစ်ပွားခဲ့သော လူသေဆုံးမှုအများဆုံး ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။

ကိုးကား Reuters

ဂရိကမ်းခြေ

ရွှေ့ပြောင်းအခြေချသူ

ကင်းလှည့်သင်္ဘော

တိမ်းမှောက်နစ်မြုပ်

ရှာဖွေကယ်ဆယ်

PSM_News

By Htet Ko