PSM(News)

ဩဂုတ် ၄၊၂၀၂၆

စင်ကာပူနိုင်ငံ၊ တိုက်ခန်းတစ်ခန်းတွင် တနင်္လာနေ့ ညပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တိုက်ခန်းအတွင်း ပိတ်မိနေသူ (၅) ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် (၃)ဦးမှာသတိလစ်မေ့မျောနေခဲ့ကြောင်း သိရသည်။

စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက် ရရှိခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် (၅) ထပ်ရှိ တိုက်ခန်းတစ်ခန်း၏ အိပ်ခန်းအတွင်း မီးလောင်ကျွမ်းနေမှုကို တွေ့ရှိခဲ့ရပြီး ရေပိုက်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ တိုက်ခန်းအတွင်း ပိတ်မိနေသူ (၅) ဦးအနက် တစ်ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပြီး ကျန် (၄) ဦးကို စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ခံရသူများအနက် (၃) ဦးကို စင်ကာပူ အထွေထွေဆေးရုံသို့လည်းကောင်း၊ ကျန် (၂) ဦးကို တန်တောက်စင် ဆေးရုံသို့လည်းကောင်း အသီးသီး ပို့ဆောင်ပေးခဲ့သည်။ သို့သော် သတိလစ်နေသူ (၃) ဦးကို မည်သည့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ကိုမူ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

ကိုးကား -CNA

By Htet Ko