PSM(News)

သြဂုတ် ၄၊၂၀၂၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီသည် နိုင်ငံ၏ အဓိက ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းသူကို ပြည်ပထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် တနင်္လာနေ့တွင် ခန့်အပ်လိုက်သည်။

ဤလုပ်ရပ်သည် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော ရာထူးအပြောင်းအလဲများ၏ နောက်ဆုံးပေါ် အခြေအနေတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လက ကာကွယ်ရေးဝန်ကြီးကို အစားထိုးလဲလှယ်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သမ္မတ ဇယ်လန်းစကီက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အကြံပေးအကြီးအကဲဟောင်း ရူစတမ် အူမဲရော့ဖ်ကို ထောက်လှမ်းရေးအကြီးအကဲအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့သော်လည်း ရုရှားနိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲအား သံတမန်နည်းလမ်းဖြင့် အဆုံးသတ်ရေးအတွက် ဆက်လက်ရှာဖွေရန် တာဝန်ပေးအပ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Oလုံခြုံရေးကောင်စီ၏ အကြီးအကဲသစ်အဖြစ် ပြည်ထဲရေးဝန်ကြီးဟောင်း အီဟော ကလိုင်မန်ကို တာဝန်ယူမည်ဖြစ်သည်။

သမ္မတ ဇယ်လန်းစကီသည် ပြီးခဲ့သည့်လက ကာကွယ်ရေးဝန်ကြီး မီခိုင်းလို ဖီဒိုရော့ဖ်ကို ရာထူးမှ အစားထိုးလဲလှယ်ခဲ့သည့် ရုတ်တရက် အစိုးရအဖွဲ့ အပြောင်းအလဲနောက်ပိုင်းတွင် အကြီးတန်းအရာရှိကြီးများကို ရာထူးအမျိုးမျိုးသို့ ပြောင်းရွှေ့ခန့်အပ်နေခဲ့သည်။ ထို့နောက်တွင် ပြည်သူများ၏ ဖိအားပေးမှုကြောင့် ထိပ်တန်းစစ်ဘက်ဆိုင်ရာ တပ်မှူး အိုလက်ဇန္ဒား ဆီရ်စကီးကိုပါ အစားထိုးလဲလှယ်ရန် တွန်းအားပေးခံခဲ့ရသည်။

အဆင့်မြင့်နည်းပညာ ဒရုန်းစစ်ဆင်ရေးကို အပြင်းအထန် ထောက်ခံအားပေးသူ အသက် ၃၅ နှစ်အရွယ် ဖီဒိုရော့ဖ်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းက ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ထောက်ခံသူများက ၎င်းကို ရာထူးတွင် ပြန်လည်ခန့်အပ်ရန် တောင်းဆိုကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ဇယ်လန်းစကီ၏ ရာထူးအပြောင်းအလဲ လုပ်ဆောင်ချက်များကို ရှင်းလင်းချက် အားနည်းသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပြီး တနင်္လာနေ့က ပြုလုပ်ခဲ့သော နောက်ဆုံးပေါ် ရာထူးအပြောင်းအလဲအတွက်လည်း ၎င်းက အကြောင်းပြချက် အနည်းငယ်သာ ပေးခဲ့သည်။ ဤခန့်အပ်မှုကြောင့် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသော်လည်း လျစ်လျူရှုခံခဲ့ရသူ ကလိုင်မန်အတွက် ရာထူးတစ်ခုကို သေချာစေခဲ့သည်။

ဇယ်လန်းစကီ၏ ဝေဖန်သူများက ၎င်းသည် မိတ်ဆွေအသိုင်းအဝိုင်းငယ်လေးထဲမှ ပုဂ္ဂိုလ်များကိုသာ ထိပ်တန်းရာထူးများအတွက် တလှည့်စီ ခန့်အပ်နေသည်ဟု စွပ်စွဲကြသည်။ ဇယ်လန်းစကီကမူ ပြီးခဲ့သည့် ဇူလိုင်လတွင် စတင်ခဲ့သော ဤရာထူးအပြောင်းအလဲများ၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်း၏ စွမ်းအင်စနစ်အပေါ် ပြင်းထန်စွာ တိုက်ခိုက်လာမည်ဟု ခန့်မှန်းထားသည့် လာမည့် ဆောင်းရာသီကြမ်းကြီးအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အူမဲရော့ဖ်သည် ယခုအချိန်အထိ သိသာထင်ရှားသော ရလဒ်များ မထွက်ပေါ်သေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိမ်ကြိမ်တွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ယူကရိန်း၏ စစ်ပွဲအောင်မြင်မှု နည်းပညာများကို မဟာမိတ်များထံ ကြော်ငြာရောင်းချသည့် ဒရုန်းသဘောတူညီချက်ဆိုင်ရာ ညှိနှိုင်းမှုများကိုလည်း ကြီးကြပ်ပေးနေသူ ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko