PSM (News)

ဩဂုတ် ၄ ၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် ၎င်း၏ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်သည့် သက်သေအထောက်အထားဖြစ်သော်လည်း ယင်း တစ်ခုတည်းနှင့် မလုံလောက်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန် ဗြိတိန်အစိုးရ က ထပ်မံ တောင်းဆိုလိုက်သည်။

ဗြိတိန်နိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Baroness Winterton က ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ အာဏာလုစစ်အုပ်စုက ဆက်လက် ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ သူမရဲ့ မိသားစုဝင်များနဲ့ ထောက်ခံအားပေး သူများအတွက် ကာလရှည်ကြာ မသေချာမှုများ၊ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက် အသက်ရှင် လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကို ယူဆောင်လာခဲ့ပါတယ်။ သို့သော် ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဆက် လက်ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး သူမ အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်” ဟု Baroness Winterton က ပြောသည်။

အာဏာလုစစ်အုပ်စု၏ မတရား ဖမ်းဆီးခြင်း ခံထားရသည့် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ICRC ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က လာရောက်တွေ့ဆုံခဲ့ကြောင်း အာဏာလုစစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသတင်းနှင့် ပတ်သက်၍ ၅ နှစ်ကျော်ကာလအတွင်း ပထမဆုံး အပြုသဘော ဆောင်သည့် တိုးတက်မှုအဖြစ် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ရေးသား ဖော်ပြခဲ့သည်။

By Htet Ko