PSM(News)

ဩဂုတ် ၄၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့ပြင်တွင် အာဏာလုစစ်အုပ်စု ခြေကုပ်ယူထားသည့် ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ရွှေကူမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် လာပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ‎ယမန်နေ့ ဩဂုတ် ၃ ရက်က ရွှေကူမြို့နှင့် ၁ မိုင်ကျော်ခန့် ကွာဝေးသည့် ရွှေဘုန်းမြင့်ကျေးရွာ၌ အာဏာလုစစ်အုပ်စု ခြေကုပ် ယူထားသော ကာကင်းစခန်းကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်ဖွဲ့များသည် ရွှေကူမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ပြီ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က PSM ကို အတည်ပြုသည်။

“မြို့ထဲကို ထိုးဖောက် ဝင်ရောက်လာပြီးလားဆိုတော့ ရောက်လာနေတဲ့ သဘောပါပဲ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ရွှေဘုန်းမြင့် ကာကင်းစခန်း သိမ်းပိုက်ခံရမှုနှင့် မြို့အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက် လာသည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ရရှိနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံသို့ PSM က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ရွှေဘုန်းမြင့် ကာကင်းစခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက် ယနေ့ ဩဂုတ်လ ၄ ရက် တွင် အာဏာလုစစ်အုပ်စုက လေကြောင်းပစ်ကူများ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လာခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း စစ်ရေးအရင်းအမြစ်က ဆိုသည်။

အာဏာလုစစ်အုပ်စုသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ငအိုးကျေးရွာအခြေစိုက် ခလရ – ၁၂၁ ၌ အင်အားစုဖွဲ့ပြီး ပြီးခဲ့သည့် မေလကတည်းက စတင်၍ စစ်အင်အားများကို ရွှေကူ – ငအိုး လမ်းပိုင်း အတိုင်း ရွှေကူမြို့သို့ ပေးပို့လျက်ရှိခဲ့သည်။

သို့သော် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရွှေကူ – ငအိုး လမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများသည် ယခုအခါ ရွှေကူမြို့ဧရိယာ အနီးအနားအထိ ရောက်ရှိလာခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko