PSM(News) ဩဂုတ် ၄၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ ဒေါနတောင်တန်း အရှေ့ခြမ်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်သည်။ အာဏာလုစစ်တပ်၏ တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ -၂၀၃ နှင့် ခမရ -၂၁၀ တို့သည် ဒေါနအရှေ့ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းကို KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြရာ ခမရ -၂၀၃ မှ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပျက်စီးခဲ့ရခြင်း ဖြစ်သည်။ တိုက်ပွဲအပြီး စစ်မြေပြင်တွင် စစ်တပ် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း အများအပြား ကျန်ရစ်ခဲ့သည့် အပြင် KNLA ပူးပေါင်းတပ်များက MA-3၊ MA-2၊ MA-1၊ MA BMA၊ RPG လောင်ချာ အပါအဝင် သေနတ်မျိုးစုံ ၈ လက်၊ ကျည်ဘောက်များ၊ MA ကျည် ရာပေါင်းများစွာနှင့် ၆၀ မမ ဗုံးသီး၊ အီနာကာဗုံး စသည့် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စုသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ နိုင်ငံတစ်ဝန်းရှိ လူငယ် လူရွယ်များကို အတင်း အဓမ္မ စစ်မှုထမ်းစေကာ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်လျက်ရှိသည်။ အဆိုပါ အခြေအနေများကြောင့် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံနေရသည့် တပ်သားများ နှင့် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် KNU က လူသားချင်း စာနာထောက်ထားမှုအရ ထပ်မံ သတိပေး တိုက်တွန်းထားသည်။ ဓာတ်ပုံ – KNU ပုံစာ-တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ရှေ့တန်းစစ်မြေပြင်မြင်ကွင်း။ Post navigation အိန္ဒိယတွင် အာဏာလုစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံရာတွင် အဓိက တာဝန်ရှိသည့် CNDF ဥက္ကဋ္ဌ John David ကို ရာထူးမှ ထုတ်ပယ် ရွှေကူမြို့ပြင်ရှိ စစ်အုပ်စု ကာကင်းစခန်းကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်၊ မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ