PSM(News)

ဩဂုတ် ၄၊ ၂၀၂၆

အိန္ဒိယနိုင်ငံတွင် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်တွေ့ဆုံရာ၌ အဓိက တာဝန်ရှိသည့် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ဥက္ကဋ္ဌ John David အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း CNDF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ် က PSM ကို အတည်ပြုပြောကြားသည်။

CNDF ထိပ်ပိုင်းခေါင်းဆောင် အချို့သည် ပြီးခဲ့သည့် မေလအတွင်းက အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယနိုင်ငံ၌ သွားရောက်တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံ မှုတွင် အဓိက တာဝန်ရှိသည့် ဥက္ကဋ္ဌအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၃ ရက်နေ့ ညဦးပိုင်းတွင် CNDF က ထုတ်ပြန်ကြေညာခဲ့သည်။

‎”ယခု ထုတ်ပြန်ချက်ဟာ CNO/CNDF အနေနဲ့ ချင်းညီနောင် (CB) အပါအဝင် အခြား မဟာမိတ်များနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြည်သူများထံ သတင်းစကားပါးခြင်း ဖြစ်ပါတယ်” ဟု ဆလိုင်းတင်မီထွဋ် က PSM ကို ပြောသည်။

ထို့ကြောင့် အဆိုပါ တရားမဝင် တွေ့ဆုံမှုနှင့် တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်း အရာများသည် CNO/CNDF ၏ တရားဝင် ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒများကို ကိုယ်စားပြုခြင်း လုံး၀မရှိ ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

CNO/CNDF သည် ချင်းညီနောင် (Chin Brotherhood – CB) စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ချင်းညီနောင် (CB) သည် အာရက္ခတပ်တော် (AA) ၏ အဓိက မဟာမိတ်ဖြစ်သည်။

သို့ဖြစ်ပါ၍ ICNCC/CB နှင့် သက်ဆိုင်ရာ မဟာမိတ် တော်လှန်ရေး အင်အားစုများ၏ သဘောထားနှင့် စုပေါင်း ဆုံးဖြတ်ချက်များ မပါရှိဘဲ အာဏာလုစစ်အုပ်စုနှင့် တစ်ဖက်သတ် တွေ့ဆုံဆွေးနွေးခြင်း သို့မဟုတ် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်းလည်း CNO/CNDF က ထပ်မံ အတည် ပြုထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို မဟာမိတ်များနှင့် ပူးပေါင်း၍ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်။

ထို့နောက် အာဏာလုစစ်အုပ်စု၏ တန်ပြန်ထိုးစစ်ကို ၆ လကြာ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် ဖလမ်းမြို့ပေါ်ကို ခေတ္တလက်လွှတ်ခဲ့ရသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများကိုမူ CNO/CNDF နှင့် မဟာ မိတ်တပ်များက ဆက်လက် စိုးမိုးထားဆဲဖြစ်သည်။

ပုံစာ-CNDF ဥက္ကဋ္ဌ John David

By Htet Ko