PSM(News)

ဩဂုတ် ၄၊ ၂၀၂၆

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည်နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနို ၏ အငြင်းပွားဖွယ် အစီအစဉ်တစ်ခုဖြစ်သည့် အနာဂတ်ကမ္ဘာ့ဖလား အမြတ်ငွေ ရှယ်ယာများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံသို့ ရောင်းချရန် ကြိုးပမ်းမှု ပျက်ပြားသွားခဲ့ပြီးနောက် တရားစွဲဆိုရန်အတွက် သောကြာနေ့ကတရားဝင်သတိပေးချက်ထုတ်ပြန်လိုက်ပြီး သက်သေအထောက်အထားများ ဖျက်ဆီးခြင်း မပြုရန် ပြောဆိုလိုက်သည်။

နယူးယောက်မြို့ရှိ Dechert တရားဥပဒေကုမ္ပဏီမှတစ်ဆင့် FIFA သို့ ပေးပို့ခဲ့သောစာအရ FIFA အမှုဆောင် ၁၈ ဦးအနေဖြင့် အချက်အလက်များ၊ စာရွက်စာတမ်းများနှင့် အီလက်ထရွန်နစ် မက်ဆေ့ဂျ်များကို အထောက်အထားအဖြစ် တိကျစွာ ထိန်းသိမ်းထားရန် သတိပေးထားသည်။

FIFA ဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနိုသည် နယူးယောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ဂျိုရှုအာ ကူရှ်နာ၏ ကုမ္ပဏီအပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံမှ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိရန် ကြိုးပမ်းခဲ့သော လျှို့ဝှက်အစီအစဉ်ကို ကမ္ဘာတစ်ဝန်း ပြင်းထန်သော ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် ရုပ်သိမ်းခဲ့ရသည်။

UEFA ၏ အဖွဲ့ဝင် ၅၅ နိုင်ငံက အဆိုပါအစီအစဉ် ရှိနေစဉ်ကာလအတွင်းFIFA ၏ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး၊ ဥရောပ၊ အာရှနှင့် မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ်များကပါ ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသည်။

လာမည့်မတ်လတွင် ကျင်းပရန်ရှိသော FIFA ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဂျာနီအင်ဖန်တီနိုအား ဆန့်ကျင်မည့် အခြားကိုယ်စားလှယ်လောင်းတစ်ဦးကို UEFA က တက်ကြွစွာ ရှာဖွေလျက်ရှိသည်။

ကိုးကား-AP

By Htet Ko