PSM(News) သြဂုတ် ၄၊၂၀၂၆ ဗြိတိန်နိုင်ငံ၏ လက်ယာစွန်း Reform UK ပါတီက ၎င်းတို့သာ အစိုးရဖွဲ့ခွင့်ရခဲ့ပါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်္ဂလိပ်ရေလက်ကြားတွင် အကြီးမားဆုံးဟု ခေါ်ဆိုထားသော စစ်တပ်ဦးဆောင်သည့် စစ်ဆင်ရေးဖြင့် ခိုလှုံခွင့်တောင်းခံလာသူများကို တားဆီးသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါပါတီသည် လူကြိုက်များမှု ကျဆင်းလာခြင်းနှင့် ပါတီရန်ပုံငွေများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်နေရသည်။ စပိန်နိုင်ငံ၏ မြောက်အာဖရိက ပိုင်နက်ဖြစ်သော ဆီယူတာ မြို့ရှိ လူဝင်မှုကြီးကြပ်ရေး အကျပ်အတည်းကို ထောက်ပြလျက် Reform UK ပါတီခေါင်းဆောင် နိုက်ဂျယ် ဖာရာ့ဂ်က ရေယာဉ်ငယ်များဖြင့် ရောက်ရှိလာကြသည့် ခိုလှုံခွင့်တောင်းခံသူများကို ဟန့်တားဖမ်းဆီးကာ ပြင်သစ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် ပိုမိုတင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ကြေညာခဲ့သည်။ “Operation Fortress” ဟု အမည်ပေးထားသော ဤမူဝါဒသည် ဗြိတိန်၏ နယ်စပ်များကို ဖောက်ထွင်း၍မရနိုင်အောင် ပြုလုပ်ပေးလိမ့်မည်ဟု Reform UK ပါတီက ဆိုသည်။ ဖာရာ့ဂ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားရာ၌ “Reform UK အစိုးရတစ်ရပ်အောက်မှာဆိုရင် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပဲ လှေငယ်တွေနဲ့ ရောက်လာတာတွေ ထပ်ရှိတော့မှာ မဟုတ်ပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ပါတီအကြီးတန်း ပုဂ္ဂိုလ်များထံသို့ လက်ဆောင်များနှင့် လှူဒါန်းမှုများ ရရှိခဲ့ခြင်းနှင့် ပတ်သက်သည့် ဖော်ထုတ်ချက်များ ထွက်ပေါ်လာပြီးနောက် တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက်စစ်တမ်းများတွင် ပါတီ၏ ဦးဆောင်နိုင်မှုကို ဆုံးရှုံးခဲ့ရပြီးနောက် ဖာရာ့ဂ်သည် လနှင့်ချီ၍ ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ အလုပ်သမားပါတီကမူ Reform ပါတီသည် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ မေးခွန်းထုတ်မှုများမှ အာရုံလွှဲရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် မူဝါဒဟောင်းများကို ပုံစံပြောင်းလဲတင်ပြနေခြင်းသာဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ကျွမ်းကျင်သူအချို့ကလည်း ပါတီ၏ နောက်ဆုံးပေါ် အဆိုပြုချက်များသည် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သံသယရှိနေကြသည်။ ဗြိတိန်အနေဖြင့် ပြင်သစ်နိုင်ငံ၏ ရေပိုင်နက်အတွင်းသို့ စစ်သင်္ဘောများ ပို့ဆောင်ခြင်း၊ လှေများကို သိမ်းဆည်းခြင်း သို့မဟုတ် ပြင်သစ်နိုင်ငံ၏ ခွင့်ပြုချက်မရှိဘဲ ကယ်လေစ် မြို့တွင် ခရီးသည်များကို ဆင်းသက်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဖောက်စ်က ပြောကြားခဲ့သည်။ “ဒါက ဒီမူဝါဒရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ ကွာဟချက်ပါပဲ” ဟု ၎င်းက ဆိုသည်။ ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်း က ၎င်းဝန်ကြီးချုပ်ဖြစ်လာပြီးနောက် နှစ်ပတ်အတွင်း လူပေါင်း ၂,၀၀၀ ကျော် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ပြသသည့် ကိန်းဂဏန်းအသစ်များ ထွက်ပေါ်လာပြီးနောက် တနင်္ဂလားနေ့တွင် ခိုလှုံခွင့်တောင်းခံသူများကို တားဆီးရေးအတွက် “အလျှော့အတင်းမရှိဘဲ ပြတ်ပြတ်သားသား” လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ကိုးကား-Reuters Post navigation ယူကရိန်း၏ ထိပ်တန်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းသူ ရူစတမ် အူမဲရော့ဖ် နိုင်ငံခြားရေး ထောက်လှမ်းရေး အကြီးအကဲအဖြစ် ခန့်အပ်ခံရ UEFA မှ FIFA ဥက္ကဋ္ဌ၏ ကမ္ဘာ့ဖလားအမြတ်ငွေ ရောင်းချရေး အစီအစဉ်အပေါ် တရားစွဲဆိုရန် သတိပေး