PSM(News)

ဇူလိုင် ၄၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အတွင်းသို့ ယနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် အာဏာလုစစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသန်းပစ်ခတ်ခဲ့သည်။

စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် အသက် (၁၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ သုံး ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားပြည်သူ လေး ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆားတောင်မြို့အနီးရှိ နုံးတွင်း အမှတ် (၇၂) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (သစခ-၇၂) ဘက်မှ နေ၍ ယနေ့ ဇူလိုင် ၄ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပတ်ဝန်းကျင်ကျေးရွာများနှင့် ရပ်ကွက် များဘက်သို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးကျည်သည် ဆားတောင်မြို့၊ ရွာစိုက်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အသက် (၄၅) နှစ်အရွယ် မမာမာဦး၊ အသက် (၃၅) နှစ်အရွယ် ကိုစည်သူနှင့် အသက် (၁၆) နှစ်အရွယ် မောင်အောင်စွမ်းဖြိုးတို့ သုံးဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်အေး၊ ကိုကျော်စွာ၊ အသက် ၄၂ နှစ်အရွယ် မထူးရင်နှင့် အသက် ၃၇ နှစ်အရွယ် ကိုချစ်နွယ်တို့ ၄ ဦးမှာလည်း ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ခတ်ပြီးနောက် စစ်ကိုင်းမြို့ဘက်မှ မှန်လုံ မော်တော်ယာဉ်ကြီး သုံး စီးဖြင့် ရောက်ရှိလာသော စစ်အုပ်စု တပ်ဖွဲ့ဝင်များကို လိုက်ထရပ်မော်တော်ယာဉ် ခုနစ် စီးဖြင့် လာရောက်ခေါ်ဆောင်ကာ နုံးတွင်း-၇၂ စခန်းအတွင်းသို့ အင်အားဖြည့်တင်း ဝင်ရောက်သွားကြောင်း သိရသည်။

မန္တလေး-ရွှေဘို ကားလမ်းမပေါ်တွင် တည်ရှိသည့် ဆားတောင်တွင် အာဏာလုစစ်တပ်က အထိုင် ချစခန်းဖွင့်လှစ်ကာ ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသန်းပစ် ခတ်လေ့ရှိသဖြင့် ဒေသခံ ပြည်သူများမှာ နေ့စဉ် စိုးရိမ်ထိတ်လန့်မှုများနှင့် နေထိုင်နေကြရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ အာဏာလုစစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လူသားဒိုင်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေသဖြင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရသည်။

ဓာတ်ပုံ-CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed