PSM(News) ဇူလိုင် ၃ ၊ ၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်အုပ်စုလက် အောက်ခံ ရဲစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးပြီး ၁၀ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မလှိုင်မြို့နယ် အိမ်ကြီးတောကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးသည့် ရဲတပ်ရင်း (၈)၊ တပ်ခွဲ (၁) မှ အင်အား ၁၁၀ ပါ စစ်ကြောင်းကို ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်မှ နေ့လယ် ၂ နာရီ၃၀ မိနစ်အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာနနှင့် မြင်းခြံခရိုင်စစ်ဌာနတို့၏ ကွပ်ကဲမှုဖြင့် မြင်းခြံ ခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် မလှိုင်မြို့နယ် ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်း ဖြင့် အနီးကပ် လေကြောင်းပစ်ကူ ပေးခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နှစ် ဦး မျက်မြင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးမှာ စစ်သုံ့ပန်းအဖြစ် လက်နက်ချ အညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်နှင့် စိန်ပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံကို သိမ်းပိုက်ရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုသည်။ အာဏာလုစစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ ညနေပိုင်းမှစတင်ကာ အနီးနားရှိ ကျေးရွာ များကို လေကြောင်းမှတစ်ဆင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်ဦးလေတပ်မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ နှစ်စင်းဖြင့် နွားထိုးကြီးမြို့နယ် အိုးပုံတောရွာသို့ ၂ ကြိမ်ခွဲ၍ ဗုံးသီး လေး လုံး ကြဲချခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး လက်ရှိတွင် အသေး စိတ်ကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၄၉ မိနစ်နှင့် ည ၁၀ ၁၆ မိနစ်တို့တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ များဖြင့် အိုးပုံတောရွာ အနောက်ဘက်နှင့် ရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့သည်။ အလားတူ နေပြည်တော်လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းသည်လည်း ည ၁၀ နာရီ ၃၀ မိနစ်တွင် တောင်သာမြို့နယ် လှည်းကူးမရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ-PDF Post navigation ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီထံ သားဖြစ်သူ ကိုထိန်လင်း ကျေးဇူးတင်စာပို့ ဆားတောင်မြို့ကို အာဏာလုစစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက် ၁၆ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ