PSM (NEWS)

ဇူလိုင် ၄၊ ၂၀၂၆

ပြင်သစ်နိုင်ငံ၊ ပါရီမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိ Lidl စူပါမားကတ်များတွင် လေအေးပေးစက်များကို ဝယ်ယူလိုသူ ရာနှင့်ချီ၍ စုရုံးရောက်ရှိနေကြပြီး စျေးနှုန်းသက်သာသော လေအေးပေးစက်များရရှိရန် တိုးဝှေ့ရုန်းကန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပြင်သစ်နိုင်ငံတွင် လေအေးပေးစက်အများစုမှာ ယူရို ၁,၂၀၀ (အမေရိကန်ဒေါ်လာ ၁,၄၀၀) ဝန်းကျင်အထိ စျေးကြီးမြင့်နေသဖြင့် ယူရို ၁၇၉ သာရှိသည့် လေအေးပေးစက် အခြေခံပုံစံများကို ဝယ်ယူရန် လူအုပ်ကြီးက စူပါမားကတ်များသို့ သွားရောက်ကြခြင်းဖြစ်သည်။ ပါရီမြို့မြောက်ပိုင်းရှိ Lidl ဆိုင်တစ်ခုတွင် လေအေးပေးစက် နှစ်လုံးသာ ရရှိနိုင်ကြောင်း သိရသဖြင့် ဝယ်ယူသူ ၂၀၀ ခန့်က တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။

ပြင်သစ်နိုင်ငံသည် မကြာသေးမီက စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကို ကြုံတွေ့ခဲ့ရပြီး အဆိုပါအပူလှိုင်းကြောင့် လူဦးရေ အမြောက်အမြား သေဆုံးခြင်း၊ ဆေးရုံများ လူနာပြည့်ကျပ်ခြင်း၊ ကျောင်းများ ပိတ်ထားရခြင်းနှင့် ဂီတပွဲတော်များ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လာမည့် တနင်္ဂနွေနေ့တွင်လည်း နောက်ထပ် အပူလှိုင်းတစ်ခု ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ပြင်သစ်နိုင်ငံတွင် နွေရာသီအပူချိန်မှာ အစဉ်အလာအရ ပုံမှန်သာရှိတတ်သောကြောင့် အိမ်များနှင့် ကျောင်းများတွင် လေအေးပေးစက် တပ်ဆင်ထားမှု နည်းပါးသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်သန်းမှုများ မကြာခဏဖြစ်ပေါ်လာခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေသည်။

စျေးကွက်အတွင်း လေအေးပေးစက်ဝယ်လိုအား မြင့်တက်လာခြင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများအတွက် စိုးရိမ်စရာဖြစ်စေပြီး၊ လေအေးပေးစက် အသုံးပြုမှုသည် စွမ်းအင်သုံးစွဲမှု မြင့်မားစေကြောင်း သတိပေးထားသည်။ သို့သော် အပူချိန်မြင့်တက်လာမှုနှင့်အတူ ပြင်သစ်ပြည်သူများ၏ လေအေးပေးစက်အပေါ် အမြင်များ ပြောင်းလဲလာပြီး ဝယ်ယူမှုများ အဆမတန် မြင့်တက်လာလျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed