PSM (NEWS)

ဇူလိုင် ၄ ၊ ၂၀၂၆

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်သို့ မေဆက် အပူပိုင်းမုန်တိုင်းသည် သောကြာနေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာတစ်နာရီလျှင် ၅၁ မိုင် အထိ ရှိနေသည်။ ယင်းမုန်တိုင်းဒဏ်ကြောင့် လေကြောင်း၊ ရထားနှင့် ရေကြောင်းခရီးစဉ်များကို ရပ်နားထားရကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဗဟိုဌာန၏ ထုတ်ပြန်ချက်အရ မုန်တိုင်းသည် သောကြာနေ့ ညနေ ၆ နာရီ ၂၀ မိနစ် (GMT အချိန် ၁၀၂၀) ခန့်တွင် ဟိုင်နန်ပြည်နယ် အရှေ့တောင်ပိုင်းကမ်းခြေသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် ဟိုင်နန်၊ ကွမ်တုန်း၊ ကွေ့ကျိုး၊ ဟူနန်ပြည်နယ်များနှင့် ကွမ်ရှီးဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ဟိုင်နန်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၅၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း အမျိုးသားမိုးလေဝသခန့်မှန်းရေးဌာနက သတိပေးထားသည်။

ဟိုင်နန်ရှိ ဆန်းယားဖီးနစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် သောကြာနေ့ ညနေ ၅ နာရီမှစ၍ လေယာဉ်ဆင်းသက်မှုနှင့် ပျံသန်းမှုများကို ရပ်နားခဲ့သည်။ အဆိုပါမုန်တိုင်းမတိုင်မီ နံနက် ၁၁ နာရီခွဲအချိန်အထိ လေယာဉ်ခရီးစဉ် ၉၂ ခုကို ဖျက်သိမ်းခဲ့ရပြီး ကျွန်းပတ်လမ်းကြောင်းရှိ အမြန်ရထားဝန်ဆောင်မှုများအားလုံးကိုလည်း ရပ်နားထားကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြသည်။

ထို့အပြင် ချုံကျိုးရေလက်ကြား တစ်လျှောက်ရှိ ခရီးသည်တင် သင်္ဘောခရီးစဉ်များကို သောကြာနေ့ နံနက် ၂ နာရီကတည်းက ရပ်နားထားခဲ့ပြီး နောက်ထပ်တစ်ရက် သို့မဟုတ် နှစ်ရက်အထိ ဆက်လက်ရပ်နားထားရန် ခန့်မှန်းထားသည်။

တာဝန်ရှိသူများက ရေကြီးမှုကာကွယ်ရေးလုပ်ငန်းစဉ်များကို “အလွန်အမင်း ပြင်းထန်ပြီး ရှုပ်ထွေးသော” အခြေအနေအဖြစ် သတ်မှတ်ထားပြီး သတိပြုစောင့်ကြည့်ရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် တိုက်တွန်းထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed