PSM(NEWS)

ဇွန် ၄၊ ၂၀၂၆

ဗုဒ္ဓဟူးနေ့တွင် ကူဝိတ်နိုင်ငံတကာလေဆိပ်ရှိ ခရီးသည်တင် ဂိတ်တစ်ခုကို အီရန်နိုင်ငံမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ်အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။ အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း နောက်ဆုံးပေါ် အရေးပါသည့် ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

ကူဝိတ်စစ်တပ်က ယခုလေဆိပ်တိုက်ခိုက်မှုကို “အီရန်တို့၏ ရာဇဝတ်မှုမြောက် ကျူးကျော်တိုက်ခိုက်မှု” ဟု ခေါ်ဆိုခဲ့သည်။

တစ်ဖက်တွင်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်တပ်ဖွဲ့များသည် အီရန်ပိုင်ကက်ရှမ်ကျွန်း( Qeshm) ရှိ ရေနံတင်သင်္ဘောနှင့် ဆက်သွယ်ရေးတာဝါတိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် စစ်ရေးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။

ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ လေဆိပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သေဆုံးသူမှာ အိန္ဒိယနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလာ အယ်လ်-ဆာနက် က လူနာ ၆၃ဦးကိုဆေးကုသမှုပေးနေရပြီး အချို့မှာ ပြင်းထန်သော ဦးခေါင်းဒဏ်ရာများ၊ ဦးနှောက်သွေးယိုစိမ့်မှုနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်သည့် ဒဏ်ရာများ ရရှိထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လေကြောင်းခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားခဲ့ရပြီး နောက်ပိုင်းတွင် Kuwait Airways လေကြောင်းလိုင်း၏ ပုံမှန်ခရီးစဉ်များကို ပြန်လည်စတင်ခဲ့သည်။ အမေရိကန်နှင့် အီရန်တို့ကြား ဧပြီလ ၈ ရက်နေ့က သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ အားနည်းလျက်ရှိပြီး ယခုတိုက်ခိုက်မှုသည် အဆိုပါ သဘောတူညီချက်အပေါ် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် ဘာရိန်းနိုင်ငံတွင်လည်း အီရန်ထံမှ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း အီရန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှိနေသော်လည်း ဒေသတွင်း ပဋိပက္ခများမှာမူ လျော့ကျသွားခြင်း မရှိသေးပေ။ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် မာကို ရူဘီယိုက အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသော်လည်း အီရန်နှင့် အစ္စရေးတို့၏ အပြန်အလှန် ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed