PSM(NEWS)

ဇွန် ၃၊ ၂၀၂၆

ဂျပန်နိုင်ငံ မြောက်ပိုင်း ဖူကူရှီးမားမြို့တွင် အင်္ဂါနေ့ (ဇွန် ၂ ရက်) က ဝက်ဝံတစ်ကောင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စက်ရုံနှစ်ရုံနှင့် လူနေရပ်ကွက်အတွင်း လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါ ဝက်ဝံကို မော်တော်ကားအစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး “ဝန်ထမ်းများ အကိုက်ခံရသည်” ဟု အရေးပေါ် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ရသည်။

ဝက်ဝံသည် စက်ရုံအတွင်းမှ ထွက်ခွာပြီးနောက် အနီးအနားရှိ လူနေရပ်ကွက်နှင့် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံတစ်ခုဆီသို့ ဆက်လက်သွားရောက် တိုက်ခိုက်ခဲ့ရာ နောက်ထပ် လူနှစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရသူများထဲမှ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျန်သူများမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့သည့် စံချိန်တင်အရေအတွက် ရှိခဲ့ပြီး၊ ယခုနှစ်တွင်လည်း ဆောင်းခိုရာမှ နိုးထလာသော ဝက်ဝံများက လူနေအိမ်များ၊ ကျောင်းများ၊ စူပါမားကတ်များနှင့် အပန်းဖြေစခန်းများသို့ နေ့စဉ်ရက်ဆက် ဝင်ရောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-CNA

By Htet Ko

You missed