PSM (NEWS) ဇွန် ၄၊ ၂၀၂၆ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများကို ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ဆိုးလ်မြို့မှ သတင်းများအရ သိရသည်။ အဆိုပါဆွေးနွေးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့ သဘောတူညီခဲ့သည့် လုံခြုံရေးဆိုင်ရာ ပူးတွဲစာတမ်းအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် တောင်ကိုရီးယားဘက်မှ ယူရေနီယမ် အမျိုးအစားမြှင့်တင်ခြင်းနှင့် သုံးပြီးသား နျူကလီးယားလောင်စာ ပြန်လည်သန့်စင်ခြင်းဆိုင်ရာ အခွင့်အရေးများကို ဝါရှင်တန်ထံမှ တိုးမြှင့်ရယူရန် အဓိကထား ဆွေးနွေးခဲ့သည်။ တောင်ကိုရီးယားသည် ၂၀၃၀ ပြည့်လွန်နှစ်များအလယ်ပိုင်းတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ပထမဆုံးအကြိမ် တည်ဆောက်ရန် ရည်မှန်းထားသည်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပတ်အီလ် ၏ ပြောကြားချက်အရ ယူရေနီယမ် အမျိုးအစားမြှင့်တင်ခြင်းနှင့် ပြန်လည်သန့်စင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများသည် အရပ်ဘက်နှင့် ကူးသန်းရောင်းဝယ်ရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကိစ္စမှာမူ စစ်ရေးဆိုင်ရာ နျူကလီးယားအသုံးပြုမှုဖြစ်သည့်အတွက် အမေရိကန်၏ စွမ်းအင်ဥပဒေအရ သီးခြားသဘောတူညီချက်တစ်ခု လိုအပ်မည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ပူးတွဲစာတမ်းတွင် အမေရိကန်အနေဖြင့် တောင်ကိုရီးယား၏ အရပ်ဘက် နျူကလီးယားစွမ်းအင် အသုံးပြုမှုများကို ထောက်ခံကြောင်းနှင့် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တည်ဆောက်ရေးအတွက် လောင်စာဆီရရှိမှုအပါအဝင် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြထားသည်။ လက်ရှိ နျူကလီးယားဆိုင်ရာ သဘောတူညီချက်အရ တောင်ကိုရီးယားသည် စစ်ရေးရည်ရွယ်ချက်အတွက် ယူရေနီယမ် အမျိုးအစားမြှင့်တင်ခြင်းနှင့် သုံးပြီးသား နျူကလီးယားလောင်စာများကို ပြန်လည်သန့်စင်ခြင်း ပြုလုပ်ခွင့် မရှိသေးပေ။ ကိုးကား-Reuters Post navigation ကူဝိတ်နိုင်ငံတကာလေဆိပ်သို့ အီရန်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ အိန္ဒိယနိုင်ငံသည် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်ရေးသုံးဒရုန်းများ ဝယ်ယူရန် စီစဉ်နေ