ဒေါင်းညို/PSM (News) ဇွန် ၄ ၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများကို အာဏာလုစစ်အုပ်စုတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ရက်ရှည်ဝင်ရောက် စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒေသခံပြည်သူ ၃၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ကာ ပြည်သူပိုင်နေအိမ် ၁,၀၀၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)၊ ညောင်ဦးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးအဖွဲ့များ ပါဝင်သည့် အဆိုပါ အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစတင်ကာ မြစ်ခြေမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကြောင်းထိုးမှုကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း ၃၀ ထက်မနည်းမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ မြစ်ခြေမြို့အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။ ထို့ပြင် သတ်ဖြတ်ခံရသူ ၃၀ ကျော်ထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များပါ ပါဝင်နေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း နာမည်နှင့် အသက်အရွယ်များကို တိတိကျကျ အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။ “သတ်ဖြတ်ခံရသူ အများစုက အရှင်လတ်လတ် မီးရှို့ခံရတာ။ ရုပ်အလောင်းတွေက မှတ်မိဖို့ကို မဖြစ်နိုင်တော့ဘူး။ တချို့ဆို အရိုးစုနီးပါး ဖြစ်ကုန်ပြီမို့ တကယ့်ကို ရင်နာဖို့ကောင်းတယ်” ဟု ဒေသခံသတင်းရင်းမြစ်က PSM ကို ပြောသည်။ အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် မြစ်ခြေမြို့မဈေးကြီး တစ်ခုလုံးအပါအဝင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၁ ခုထက်မနည်းကို နေ့ရောညပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အာဏာလုစစ်အုပ်စုတပ်များ မြစ်ခြေမြို့အတွင်းမှ ပြန်လည်ဆုတ်ခွာသွားသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော်လည်း အပြီးသတ်နိုင်ခြင်းမရှိသေးဘဲ အချိန်တစ်ခု ထပ်မံကြာမြင့်နိုင်ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် မြစ်ခြေမြို့ပေါ်နှင့် အနီးအနားကျေးရွာ ၃၀ ကျော်မှ ဒေသခံပြည်သူ ရှစ်သောင်း(၈၀,၀၀၀)ကျော်မှာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရပြီး ရာသီဥတုနှင့် နေထိုင်စားသောက်ရေးဆိုင်ရာ အခက်အခဲများစွာ ကြုံတွေ့နေရသည်။ “စစ်ရှောင်တွေမှာ ကိုယ့်အိမ်တွေ မီးလောင်ကုန်တာ၊ မိသားစုဝင်တွေ သတ်ဖြတ်ခံရတာတွေကြောင့် စိတ်ဒဏ်ရာနဲ့ စိတ်ဖိစီးမှုတွေ အပြင်းအထန် ခံစားနေရတယ်။ နောက်ပြီး အခုလို မိုးရာသီမှာ ရက်ရှည်စစ်ရှောင်နေရတော့ အမိုးအကာ၊ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်” ဟု ဒေသခံတစ်ဦးက PSM ကိုဆက်လက်ပြောကြားသည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စုတပ် ဆုတ်ခွာသွားသော်လည်း နယ်မြေလုံခြုံရေး အခြေအနေများကြောင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။ (မှတ်ချက် – အာဏာလုစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ပြသသည့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ပြည်သူများ၏ မြေပြင်ရုပ်အလောင်း ဓာတ်ပုံမှတ်တမ်းများ ရရှိထားသော်လည်း လူမှုကွန်ရက် စည်းကမ်းသတ်မှတ်ချက်များနှင့် သတင်းမီဒီယာ ကျင့်ဝတ်ဆိုင်ရာ လုံခြုံရေးအရ ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ခဲ့ရပါသည်) ဓာတ်ပုံ-CJ Post navigation ညောင်ဦးမှ တောင်သာသို့ ထိုးလာသည့် အာဏာလု စစ်အုပ်စုစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မကွေးတိုင်းတွင် အာဏာလုစစ်အုပ်စုတပ်နှင့် တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ပွားပြီး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ