PSM(News) ဇွန် ၃၊ ၂၀၂၆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှတစ်ဆင့် တောင်သာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အာဏာလုအစိုးရ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် (PLA) ထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့မှစတင်ကာ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာဘက်မှတစ်ဆင့် ငါ့သရောက် – ဝဲလောင် လမ်းမကြီးအတိုင်း အင်အား ၃၀၀ ခန့်ဖြင့် တောင်သာမြို့နယ်အတွင်းရှိ တံတားကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စတင်ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “မေလ ၃၁ ရက်နေ့က သူတို့ (စစ်တပ်) တံတားကျေးရွာထဲ ဝင်ပြီး အဓမ္မတပ်စွဲခဲ့တယ်။ အဲဒီနောက် ဇွန်လ ၁ ရက်နေ့မှာ စစ်ကြောင်း ပြန်ထွက်လာချိန် တံတားရွာအရှေ့ဘက်မှာ ကျွန်တော်တို့ဘက်က ဖြတ်တောက်ပြီး ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ တာဝန်ရှိသူက ဆိုသည်။ တံတားကျေးရွာအရှေ့ဘက်တွင် ဇွန် ၁ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးသွားသည်ကို မြေပြင်၌ မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ “လက်ရှိ စစ်ရေးအခြေအနေကတော့ အဲဒီနောက်ပိုင်း တိုက်ပွဲထပ်ဖြစ်တာတော့ မရှိသေးဘူး။ လောလောဆယ်မှာတော့ ရန်သူ့စစ်ကြောင်းဟာ မုံရိုးကျေးရွာတွင်း ရောက်ရှိနေတယ်လို့ သိရပါတယ်” ဟု PLA တာဝန်ရှိသူက မြေပြင်စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ဆက်လက်ရှင်းပြသည်။ အဆိုပါ စစ်ကြောင်းထိုးလာသည့်တပ်မှာ ညောင်ဦးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) ဖြစ်ပြီးပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် အောင်သာရွာအခြေစိုက် ပျူစောထီးအဖွဲ့များနှင့် ပူးပေါင်းကာ ပြီးခဲ့သည့်ရက်ပိုင်းက မြစ်ခြေမြို့ကို စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ဒေသခံအရပ်သား ပြည်သူ ၂၀ ကျော်ကိုလည်း ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုကျူးလွန်ထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-PLA Post navigation အုတ်ဖိုတွင် စစ်ကြောင်းထိုးလာသည့် အာဏာလုအစိုးရ စစ်တပ်ကို ဗျူဟာ ၂၂ နှင့် ပူးပေါင်းတပ်များ ဒရုန်းဖြင့် ကြဲချတိုက်ခိုက်၊ စစ်ကြောင်းမှူး ဗိုလ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံး