PSM(NEWS)

ဇွန် ၄၊ ၂၀၂၆

အိန္ဒိယနိုင်ငံသည် ပြည်တွင်းကုမ္ပဏီများထံမှ စစ်ရေးသုံးဒရုန်းများကို ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ဝယ်ယူရန် စီစဉ်နေကြောင်းနှင့် ၎င်းသည် အိန္ဒိယ၏ အကြီးမားဆုံးသော ဒရုန်းဝယ်ယူမှု ဖြစ်လာမည်ဖြစ်ကြောင်း စက်မှုအဖွဲ့အစည်းတစ်ခုက ပြောကြားလိုက်သည်။

ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း ပဋိပက္ခများ မြင့်တက်လာခြင်းကြောင့် စစ်ရေးသုံးဒရုန်းများအပေါ် ဝယ်လိုအားမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

Drone Federation India အဖွဲ့၏ ဥက္ကဋ္ဌ စမစ် ရှာ၏ အဆိုအရ အဆိုပါ ဝယ်ယူမှုစီမံကိန်းများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ၁၈ လမှ ၂၄ လအတွင်း ပေးပို့ရန် မျှော်လင့်ထားကြောင်း သိရသည်။ ယခင်က တပ်ဆင်ရေးအဆင့် ဒရုန်းများအတွက် အိန္ဒိယရူပီးငွေ သန်း ၃၀,၀၀၀ (ဒေါ်လာ ၃၁၃ သန်း) သာ သုံးစွဲခဲ့ရာမှ ယခုအခါ ရူပီးငွေ ၂၀၀ ဘီလီယံ (ဒေါ်လာ ၂ ဘီလီယံကျော်) အထိ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းဝယ်ယူမှုများသည် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အရှိန်မြှင့်တင် ဝယ်ယူသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား မေလက ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒရုန်းများကို အသုံးပြုခဲ့ခြင်းက စစ်မြေပြင်တွင် ဒရုန်းများ၏ ထိရောက်မှုကို သက်သေပြခဲ့သည်။ ထို့အပြင် ယူကရိန်းနှင့် အီရန်စစ်ပွဲများကလည်း ကမ္ဘာတစ်ဝန်းတွင် ဒရုန်းနည်းပညာ အသုံးပြုမှုကို ပိုမိုမြန်ဆန်လာစေခဲ့သည်။

လက်ရှိတွင် အိန္ဒိယ၌ ဒရုန်းနှင့် ဒရုန်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ ၆၀၀ ကျော်ရှိပြီး ၁၀၀ ကျော်မှာ စစ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အဓိကထား လုပ်ကိုင်နေသည်။ Adani Group၊ Larsen & Toubro နှင့် Tata Advanced Systems ကဲ့သို့သော ကုမ္ပဏီကြီးများမှစ၍ ideaForge ကဲ့သို့သော နည်းပညာအသစ် ကုမ္ပဏီများအထိ ပါဝင်သည်။

အိန္ဒိယအစိုးရသည် ယခင်က နှေးကွေးခဲ့သည့် ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုလုပ်ငန်းစဉ်များကို ပြန်လည်ပြုပြင်ပြောင်းလဲခဲ့ပြီး အရေးပေါ်ဝယ်ယူခွင့်အာဏာကို အသုံးပြုကာ စစ်ရေးဆိုင်ရာ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးခြင်းဖြင့် အိန္ဒိယ၏ ဒရုန်းစက်မှုလုပ်ငန်းကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed