PSM(NEWS) မတ် ၄ ၊ ၂၀၂၆ ယူကေနိုင်ငံ၏ ခိုလှုံခွင့်စနစ်ကို အလွဲသုံးစားပြုနေသည်ဟုဆိုကာ နိုင်ငံလေးခုမှ နိုင်ငံသားအချို့အတွက် ဗီဇာထုတ်ပေးခြင်းကို ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် က ကြေညာလိုက်သည်။ အာဖဂန်နစ္စတန် ၊ ကင်မရွန်း၊ မြန်မာ နှင့် ဆူဒန်နိုင်ငံတို့မှလာရောက်မည့်သူများအတွက် ပညာသင်ကြားရေးဗီဇာ (Study Visas) များကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံသားများအတွက်မူ အလုပ်ဗီဇာ(WorkVisas)များကိုပါ ထပ်မံပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ တရားဝင်ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းများကို အသုံးပြု၍ ဗြိတိန်တွင်ခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းသူ အရေအတွက် မြင့်တက်လာခြင်းကြောင့်ယခုကဲ့သို့ ပြင်းထန်သည့်အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း အစိုးရက စွပ်စွဲထားသည်။ ယူကေပြည်ထဲရေးဝန်ကြီးဌာနက ဤဗီဇာပိတ်ပင်မှုကို ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော”စံချိန်တင်”ခြေလှမ်းသစ်တစ်ခုအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် က “ဗြိတိန်နိုင်ငံဟာစစ်မီးနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ထွက်ပြေးလာသူတွေကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ဗီဇာစနစ်ကိုတော့အလွဲသုံးစားအလုပ်မခံနိုင်ပါဘူး။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့စေတနာကို အခွင့်ကောင်းယူဖို့ ကြိုးစားနေသူတွေကိုဗီဇာငြင်းပယ်ဖို့ဒီလို စံချိန်တင် ဆုံးဖြတ်ချက်ကို ချမှတ်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နယ်စပ်ဒေတွကို ပြန်လည်ထိန်းချုပ်ပြီး စနစ်တကျဖြစ်အောင်လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ကိန်းဂဏန်းများအရ၂၀၂၅ခုနှစ်အတွင်းခိုလှုံခွင့်တောင်းခံသူ၁သိန်းအနက်၃၉ရာခိုင်နှုန်းခန့်သည်ပညာသင်ဗီဇာကဲ့သို့သောတရားဝင်လမ်းကြောင်းများမှတစ်ဆင့်ယူကေသို့ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာ နှင့် ဆူဒန်နိုင်ငံတို့မှကျောင်းသားများ၏ခိုလှုံခွင့်လျှောက်ထားမှုသည် ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်စက်တင်ဘာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားသည်။ အဆိုပါ ဗီဇာပိတ်ပင်မှုကို ကြာသပတေးနေ့တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းအပြောင်းအလဲ အဖြစ် တရားဝင်မိတ်ဆက်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း အင်ဂိုလာ၊ နမီးဘီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့မှ အစိုးရများအနေဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်လက်ခံရန် သဘောမတူပါက ဗီဇာအားလုံးရပ်ဆိုင်းမည်ဟုဝန်ကြီးက ခြိမ်းခြောက်ခဲ့ဖူးသည်။ ယင်းနောက်တွင် အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ရရှိခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်နိုင်ခဲ့သည်။ ဝန်ကြီးရှာဘာနာမာမွတ်သည် ကြာသပတေးနေ့တွင် ပြောကြားမည့် မိန့်ခွန်း၌ ယူကေခိုလှုံခွင့်စနစ်ကို ပိုမိုတင်းကျပ်မည့် အစီအစဉ်များကို ချပြရန် မျှော်လင့်ရသည်။ ယင်းအစီအစဉ်များအရ ယူကေရှိ ခိုလှုံခွင့်တောင်းခံသူများသည် ၎င်းတို့၏ ဒုက္ခသည်အဆင့်အတန်းကို ၃၀ လ တစ်ကြိမ် ပြန်လည်စစ်ဆေးခံရမည်ဖြစ်သည်။ ၎င်းတို့၏ နေရပ်နိုင်ငံများမှာ ဘေးကင်းလုံခြုံပြီဟု သတ်မှတ်ခံရပါက နေရပ်သို့ ပြန်ကြရမည်ဖြစ်သည်။ ကိုးကား The Independent #ခိုလှုံခွင့်စနစ် #ယူကေရပ်ဆိုင်း #မြန်မာ #နိုင်ငံလေးခု #ကျောင်းသားဗီဇာ #PSM_News Post navigation အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုကြောင့် တရုတ်နှင့် ဆက်ဆံရေး တင်းမာလာ မြေထဲပင်လယ်အတွင်း ရုရှားမှောင်ခိုရေနံတင်သင်္ဘော ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်မှုဖြစ်ပွား