PSM(NEWS) မတ် ၄၊ ၂၀၂၆ အီရန်နိုင်ငံအပေါ်အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာထပ်မံတင်းမာလာကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အီရန်၏ အဓိကဘာသာရေးခေါင်းဆောင်အယာတိုလာအလီခါမေနီသေဆုံးခဲ့ရမှုကိုတရုတ်အစိုးရက ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး ၎င်းသည်အခြားနိုင်ငံတစ်ခု၏အချုပ်အခြာအာဏာကိုထိပါးကာအစိုးရအပြောင်းအလဲလုပ်ရန်ဗြောင်ကျကျကြိုးပမ်းမှုဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က စွပ်စွဲပြောကြားခဲ့သည်။ ဤဖြစ်ရပ်သည် ပြီးခဲ့သည့် နှစ်လအတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ဖမ်းဆီးခံရမှုနှင့် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် တရုတ်၏ မဟာဗျူဟာမြောက် မိတ်ဖက်များအပေါ် အမေရိကန်၏အင်အားသုံးခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံနေရသည်။ သို့သော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တို့သည် မတ်လကုန်တွင် ဘေဂျင်းမြို့၌ ကုန်သွယ်ရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်ရှိနေသဖြင့် တရုတ်အနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေးလုံးဝပြတ်တောက်သွားမည့်အရေးကိုရှောင်ရှားလိုသည့် အနေအထားတွင် ရှိနေသည်။ တရုတ်သည်ကမ္ဘာ့စွမ်းအင်အများဆုံးတင်သွင်းသူဖြစ်သဖြင့်အီရန်ကဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့ကာရေနံဈေးနှုန်းများမြင့်တက်လာမည့်အရေးကိုလည်း စိုးရိမ်လျက်ရှိသည်။ လက်ရှိတွင် ဘေဂျင်းသည် အီရန်ဘက်မှ ရပ်တည်ကြောင်းနှုတ်ဖြင့်သာပြင်းထန်စွာ ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ အမေရိကန်နှင့်ကုန်သွယ်ရေးသဘောတူညီချက်များ ပျက်ပြားမသွားစေရန်နှင့် မိမိ၏ စီးပွားရေးအကျိုးစီးပွားများကို မထိခိုက်စေရန် သံတမန်နည်းလမ်းအရ အထူးသတိထား ကိုင်တွယ်နေကြောင်း ခွဲခြမ်းစိတ်ဖြာသူများကသုံးသပ်ကြသည်။ ကိုးကား The New York Times #အီရန် #အမေရိကန်တိုက်ခိုက်မှု #တရုတ် #ဆက်ဆံရေးတင်းမာ #PSM_News Post navigation မဟာမိတ်များကို ကာကွယ်ရန် ပြင်သစ်အသင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား ခိုလှုံခွင့်စနစ်အား အလွဲသုံးစားပြုမှုကြောင့် မြန်မာအပါအဝင် နိုင်ငံလေးခုမှ ကျောင်းသားဗီဇာများကို ယူကေရပ်ဆိုင်း