PSM(NEWS) မတ် ၄၊ ၂၀၂၆ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ကိုယ်စားလှယ်များသည် ယနေ့ ဩစတြေးလျား ဆီနိတ်လွှတ်တော်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ စုံစမ်းရေးကော်မတီ ၌ ပြုလုပ်သည့် “မြန်မာနိုင်ငံ အတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ကြားနာပွဲတွင် သက်သေထွက်ဆိုချက် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြားနာပွဲသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေနှင့် နိုင်ငံရေးပြဿနာများအပေါ် ဩစတြေးလျားအစိုးရ၏ မူဝါဒနှင့် တုံ့ပြန်ရေးလမ်းကြောင်းများကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်ထားသည့် ဆီနိတ်စုံစမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ CHRO ကိုယ်စားလှယ်များက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် စစ်ရေးပြင်းထန်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် အရပ်သားပြည်သူများ အထူးသဖြင့် ချင်းပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းများအပေါ် ထိခိုက်နစ်နာမှုများ မြင့်တက်နေကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် ဖမ်းဆီးထိန်းသိမ်းမှုများ၊ တရားမဝင်သတ်ဖြတ်မှုများ၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပိုင်ဆိုင်မှုများ ဖျက်ဆီးခံရမှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ထောက်ပြခဲ့သည်။ CHRO က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အပေါ် ဖိအားတိုးမြှင့်သင့်ကြောင်း၊ ပစ်မှတ်ထားအရေးယူမှုများ ချမှတ်ရန်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ တိုးမြှင့်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများအား တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ ဆီနိတ်ကော်မတီစုံစမ်းရေးလုပ်ငန်းစဉ်သည် နောက်ဆုံးတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ကာ ဩစတြေးလျား လွှတ်တော်သို့ အကြံပြုချက်များ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ကိုးကား/ဓာတ်ပုံ – CHRO #ဆီနိတ်ကော်မတီ #ဩစတြေးလျား #ကြားနာပွဲ #ချင်းလူ့အခွင့်အရေးအဖွဲ့ #သက်သေထွက်ဆို #PSM_News Post navigation စက်သုံးဆီ ပြတ်လပ်မှုကြောင့် စစ်ကော်မရှင်က ယာဉ်များကို နံပါတ်စုံ/မ စနစ်ဖြင့် ကန့်သတ် မောင်းနှင်ရန် ထုတ်ပြန်၊ ဖောက်ဖျက်ပါက အရေးယူမည်ဟု ခြိမ်းခြောက် NUG နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းရောက် မြန်မာများနှင့် အွန်လိုင်းမှ တွေ့ဆုံ