PSM(News)

မတ် ၃၊ ၂၀၂၆

ပြည်တွင်း၌ စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် စစ်ကော်မရှင်က စက်သုံးဆီ ခြိုးခြံချွေတာရန် အကြောင်းပြကာ လာမည့် မတ်လ ၇ ရက်နေ့မှစ၍ ပုဂ္ဂလိကယာဉ်များကို နံပါတ်ပြားပါ “စုံ/မ” ဂဏန်းအလိုက် ရက်ကျော်၍ မောင်းနှင်ရန် ကန့်သတ်ချက် ထုတ်ပြန်လိုက်သည်။

ယနေ့ မတ်လ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် ကမ္ဘာ့နိုင်ငံရေး အခြေအနေနှင့် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့နေသည်ဟု စစ်ကော်မရှင်က အကြောင်းပြထားသည်။

သတ်မှတ်ချက်အရ မတ်လ ၇ ရက်နေ့မှစတင်ကာ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ပုဂ္ဂလိကယာဉ်များ(ဥပမာ – 2A/—-, 4A/—-) သာ မောင်းနှင်ရမည်ဖြစ်ပြီး လစဉ် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ပုဂ္ဂလိကယာဉ်များ (ဥပမာ – 1A/—-, 3A/—-) သာ မောင်းနှင်ရမည်။ EV လျှပ်စစ်ယာဉ်များနှင့် ဆိုင်ကယ်များကိုမူ နေ့စဉ် မောင်းနှင်ခွင့်ပြုမည်ဟု ဆိုထားသည်။

“ဒေါ်လာပြတ်လို့ ဆီဝယ်မရတာကို ကမ္ဘာ့အခြေအနေ အကြောင်းပြနေတာ။ ကားနံပါတ်နဲ့ ခွဲမောင်း ရမယ်ဆိုတော့ သွားရေးလာရေး အကုန် ဒုက္ခရောက်ကုန်တော့မယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ စနစ်တွေ ပြန်လာနေတာ” ဟု ရန်ကုန်မြို့ခံ ကားပိုင်ရှင်တစ်ဦးက PSM News ကို ပြောသည်။

သို့သော် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ (ဘတ်စ်ကား)၊ အငှားယာဉ် (Taxi)၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်နှင့် စည်ပင်ယာဉ်များကိုမူ နေ့စဉ် အသုံးပြုခွင့်ပေးထား ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စက်သုံးဆီများကို ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး အဆိုပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု စစ်ကော်မရှင်က ခြိမ်းခြောက်ထားသည်။

#စက်သုံးဆီကန့်သတ်ချက်

#စုံမစနစ်

#စစ်ကော်မရှင်စီမံခန့်ခွဲမှုအလွဲ

#PSM_News

By Htet Ko