PSM(NEWS) မတ် ၄ ၊ ၂၀၂၆ ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် ပိုင်နက်နယ်မြေ၊ နိုင်ငံသားများနှင့် နေထိုင်သူများကို စောင့်ရှောက်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆော်ဒီအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အီရန်ဘက်မှလည်း အမေရိကန် အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့နိုင်ငံများသို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက် တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။ ယင်းပဋိပက္ခများအတွင်း အင်္ဂါနေ့က ရီယတ်မြို့ရှိ အမေရိကန်သံရုံးကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း စစ်မီးကူးစက်ပြန့်နှံ့လာသည်နှင့်အမျှ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကြောင့် ရေနံစျေးနှုန်းများ မြင့်တက်ကာ ရှယ်ယာစျေးကွက်များ ကျဆင်းလျက်ရှိသည်။ ထို့ပြင် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့အကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် လက်ဘနွန်နိုင်ငံသည်လည်း စစ်မီးအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကျရောက်နေပြီဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အီရန်နိုင်ငံအနောက်ဘက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့များကိုတိုက်ခိုက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ အီရန်-ကာ့ဒ် လက်နက်ကိုင်အဖွဲ့များက အမေရိကန်နှင့်ဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ ကိုးကား Reuters #PSM_News #ဆော်ဒီအာရေဗျ #လုံခြုံရေး_ကာကွယ်ရန် #အစီအမံ #ထုတ်ပြန် Post navigation အီကွေဒေါနှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးများ ဆောင်ရွက် စစ်ပွဲရပ်တန့်ရန် အီရန် ထောက်လှမ်းရေးများက CIA နှင့် ဆွေးနွေးလိုသည့်အရိပ်အယောင်ပြနေ