PSM(NEWS)

မတ် ၄၊ ၂၀၂၆

အီကွေဒေါနိုင်ငံအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုကို တိုက်ဖျက်ရန်အတွက် အီကွေဒေါနှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စစ်ဆင်ရေးများ စတင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (U.S. Southern Command) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် စစ်ဘက်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် တောင်အမေရိက၊ အလယ်ပိုင်းအမေရိကနှင့် ကာရေဘီယံ ဒေသရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံကို တာဝန်ယူရသည့် ဌာနချုပ်ဖြစ်ပြီး၊ ယခုလုပ်ဆောင်ချက်သည် တရားမဝင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများကို နှိမ်နင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက် X စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် စစ်ဆင်ရေး၏ အသေးစိတ် အချက်အလက်များကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အီကွေဒေါ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိကန်နှင့် ပူးပေါင်း၍ “ထိုးစစ်ဆင်မှု” တစ်ရပ်ကို ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပြီး၊ ယင်းနှင့်ပတ်သက်သော အချက်အလက်များသည် “လျှို့ဝှက်အဆင့်” သတ်မှတ်ထားကြောင်း ဆိုသည်။

အီကွေဒေါ သမ္မတ ဒန်နီရယ် နိုဘိုအာက သူ၏အစိုးရသည် မတ်လအတွင်း အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းကာ”မူးယစ်-အကြမ်းဖက်ဝါဒနှင့် တရားမဝင် သတ္တုတူးဖော်မှုများအား တိုက်ဖျက်သည့် ခြေလှမ်းသစ်” အဖြစ်စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် လကလည်း အမေရိကန် စစ်ဘက်ဦးဆောင်သည့် သတင်းအချက်အလက် စုဆောင်းရေး အထူးတပ်ဖွဲ့၏ အကူအညီဖြင့် မက္ကဆီကို မူးယစ်ရာဇာ နီမေစီယို အိုဆီဂွဲရား ခေါ် “အယ်လ်မန်ချို” ကို မက္ကဆီကို စစ်တပ်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ဖမ်းဆီး သို့မဟုတ် ချေမှုန်းနိုင်ခဲ့သည့် အကြီးမားဆုံးသော မူးယစ်ဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့သည်။

ကိုးကား Reuters

#PSM_News

#အမေရိကန်

#စစ်ဆင်ရေး

#မူးယစ်ဆေးဝါး

#အီကွေဒေါ

By Htet Ko