PSM (News)

မတ် ၄ ၊ ၂၀၂၆

နိုင်ငံအတွင်း ရက်ပေါင်း ၄၀ စာ အရန်စက်သုံးဆီရှိနေသဖြင့် ပြတ်လပ်မည်ကို စိုးရိမ်ရန်မလိုကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံဆပြောကြားလိုက်သော်လည်း မြေပြင်တွင်မူ ၎င်းတို့ထုတ်ပြန်သည့် “စုံ/မ” စနစ်ကြောင့် ပြည်သူများမှာ ဆီပြတ်လပ်မည်ကို စိုးရိမ်၍ အလုအယက် တန်းစီနေကြရသည်။

စစ်ကော်မရှင်မှ ယမန်နေ့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် “စုံ/မ” စနစ်ဖြင့် ဝယ်ယူရမည့် အသိပေးချက်မှာ ဆီပြတ်လပ်၍ မဟုတ်ဘဲ အရှေ့အလယ်ပိုင်း စစ်ရေးပဋိ ပက္ခများကြောင့် ရေလမ်းကြောင်း အခက်အခဲရှိလာနိုင်သည်ကို ကြိုတင်တွက်ဆ ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မတ် ၄ ရက်ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီမရှိလို့ မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို တွက်ဆပြီး ခြိုးခြံချွေတာရေး အတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အရန်ဆီ ဓာတ်ဆီဂါလံ သန်း ၆၀ နှင့် ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါး စုပုံထားရှိသည်ဟု စစ်ကော်မရှင်ဘက်က ဆိုနေသော်လည်း မတ်လ ၇ ရက်နေ့မှစတင်ကာ ကိုယ်ပိုင်ကားများကို နံပါတ်အလိုက် စုံ/မ ခွဲ၍ ရက်ကျော်မောင်းနှင်ခိုင်းသည့် ကန့်သတ်ချက်ကြောင့် လူထုကြားတွင် ထိတ်လန့်မှု များ ပိုမိုမြင့်တက်လျက်ရှိသည်။

“ဆီရှိတယ်သာပြောတာ၊ စုံ/မ နဲ့ ခွဲမောင်းခိုင်းတာက ဆီမရှိလို့ပဲပေါ့။ တကယ်သာ ရက် ၄၀ စာ ရှိနေရင် ပြည်သူကို ဘာလို့ အခုလို အကျပ်ကိုင်မှာလဲ။ သူတို့ပြောတာနဲ့ လုပ်တာက အမြဲတမ်း တခြားစီပဲ” ဟု ရန်ကုန်မြို့ခံ တစ်ဦးက PSM ကို ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လက်ရှိတွင် ဆီသင်္ဘော နှစ် စင်း ဆိပ်ကပ်ထားပြီး လာမည့်ရက်ပိုင်းအတွင်း ဆီသင်္ဘော ၁၄ စင်း ထပ်မံရောက်ရှိရန်ရှိကြောင်းနှင့် ဆီမရောင်းသည့်ဆိုင်များကို တိုင်ကြားနိုင်ကြောင်း ပြောဆိုကာ ပြည်သူများကို စိတ်အေးအေးထားရန် တိုက်တွန်းနေသော်လည်း စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုမရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#အရန်ဆီ

#ရက်၄၀

#ဗိုလ်ချုပ်ဇော်မင်းထွန်း

#ပြည်သူများ

#စိုးရိမ်တကြီး

#ဆီတန်းစီ

#PSM_News

By Htet Ko