PSM(News)
ဖေဖော်ဝါရီ ၄၊ ၂၀၂၆

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်မရှင်တပ်ကို ဗမာပြည် ကာကွယ်ရေးတပ် (USBA) က နှစ်ရက်ဆက်တိုက် အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်မရှင် တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း သိရသည်။

USBA သည် ယနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီကျော်က ဒဟတ်ပင်ရေနံမြေအတွင်းရှိ ကွန်းသွန်း ရွာလမ်းပေါက်၌ ဇီးတောဘက်မှ ထွက်လာသော စစ်ကား သုံး စီးပါ စစ်ကြောင်းကို မီတာ ၅၀ အကွာမှ အသင့်စောင့်ကြိုကာ စီးနင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကြောင်းနောက်ဆုံးမှ လိုက်ပါလာသော စစ်ကားတစ်စီးလုံး ပစ်ကွင်းအတွင်း ထိုးရပ်သွားပြီး ကားပေါ်ပါလာသူအားလုံး ထိမှန်လဲကျကာ ပြန်လည်ပစ်ခတ်နိုင်ခြင်းပင် မရှိတော့ ကြောင်း USBA က ထုတ်ပြန်သည်။

“နောက်ဆုံးကားပေါ်က လူတွေ အကုန်လုံး ခေါင်းငိုက်စိုက်ကျပြီး မှောက်ကုန်တာကို အနီးကပ် မြင်ခဲ့ ရတယ်။ တစ်ယောက်မှ ပြန်မပစ်နိုင်တော့ဘူး။ အနည်းဆုံး ၁၅ ဦးထက်မနည်း ကျဆုံးနိုင်တယ်” ဟု USBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းကလည်း သရက်-မင်းလှလမ်းပေါ်ရှိ ဇီးတောရွာနှင့် မင်းဂံရွာကြားတွင် အဆိုပါစစ်ကြောင်းကိုပင် မီတာ ၇၀ အကွာမှ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

USBA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် နေ့ကလည်း အထက်မင်းလှရှိ ရေနံမ ရဲကင်းစခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-USBA

မင်းလှ

မကွေးတိုင်း

USBA

ခြုံခိုတိုက်ခိုက်မှု

စစ်ကောင်မရှင်

တိုက်ပွဲသတင်း

PSM_News

By Htet Ko